ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ငါးနှစ်အတွင်း အိမ်ထောင်စု တစ်သန်းကျော် လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရန် ဖော်ဆောင်မည်ဟုဆို

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ငါးနှစ်အတွင်း အိမ်ထောင် စု ၁ ဒသမ ၇ သန်းကို လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး လျာထားလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ကမ္ဘာ့ဘဏ်ချေးငွေဒေါ်လာ သန်း ၃၁၀ ဖြင့် မြန်မာနိုင်ငံ အတွင်း လျှပ်စစ်ဖြန့်ဖြူးသုံးစွဲနိုင်မှု တိုးတက်ရေးအတွက် စီမံချက်များရေးဆွဲကာ လုပ်ဆောင်နေသည်ဟု လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောသည်။

‘‘ဌာနအနေနဲ့က ထုတ်လုပ်မှုအပိုင်း တိုးတက်ရေးအတွက် နည်းလမ်းတွေရှာပြီး လုပ်ဆောင်နေသလို ဖြန့်ဖြူးရေး အပိုင်းမှာလည်း ကျေးရွာတွေဆီအရောက် လျှပ်စစ်မီးတိုးတက်သုံးစွဲနိုင်ဖို့ ရေးဆွဲလုပ်ဆောင်နေတာရှိပါတယ်။ ၂၀၂၀ အတွင်း လာမယ့် ငါးနှစ်အတွင်းမှာ နောက်ထပ် အိမ်ထောင်စု ၁ ဒသမ ၇ သန်း လျှပ်စစ် သုံးစွဲနိုင်ဖို့ လုပ် နေတာဖြစ်ပါတယ်’’ ဟု ၎င်းက အစိုးရသစ်၏ ရက်တစ်ရာစီမံချက်အတွင်း လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈ သန်းရှိသည့်အနက် အိမ် ထောင်စု ၃ ဒသမ ၈ သန်းသာလျှပ်စစ်မီး အသုံးပြုနိုင်သေးကြောင်း ၎င်းကဆိုသည်။ အစိုးရသစ်၏ ရက်တစ်ရာစီမံချက်အတွင်း အိမ်ထောင်စု ၁၆,၀၀၀ ကျော် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရက်တစ်ရာ စီမံချက်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအနေဖြင့် ကချင်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ နေပြည်တော်ကောင်စီ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ဓာတ်အား ခွဲရုံများ ဆောက်လုပ်၍ ဓာတ်တိုးမြှင့်ပေးနိုင်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ထိုသို့လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့၌ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရန်နှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရန် ထရန်စဖော်မာအလုံး ၁၃၀ ကျော် တိုးချဲ့ တပ်ဆင်ခြင်း၊ အစားထိုးတပ်ဆင်ခြင်းများပါဝင်ခဲ့ကြောင်း အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောသည်။

သို့သော်ရန်ကုန်အပါအ၀င် မြို့ကြီးအချို့တွင် ယခုအချိန်ထိ လျှပ်စစ်ဓာတ်အားလုံလောက်စွာ မရရှိသေးသည့် ပြဿနာများ ကြုံတွေ့နေရဆဲဖြစ်၍ ဝေဖန်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ ‘‘စက်မှုဇုန်တွေကို အစိုးရက အာမခံ ချက်နဲ့ မီးမပေးနိုင်သမျှတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်နိုင်မှုအတွက်ပါ စိန်ခေါ်မှုရှိနေဦးမှာပဲ’’ဟု လက်ခစား အထည်ချုပ်စက်ရုံလုပ်ငန်းရှင် ဦးကျော်တင့်က ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် မြို့ကြီးများ၌ လျှပ်စစ် ဓာတ်အားမှန်ကန်စွာ ရရှိစေရေး တစ်ခုတည်းအတွက် သာမက လျှပ်စစ်ဓာတ်အား လုံးဝမရရှိ သေးသည့် ဒေသများ ဓာတ်အားရရှိနိုင်စေရန် လုပ်ဆောင်နေရ သဖြင့် တစ်နိုင်ငံလုံးအတိုင်းအ တာအားဖြင့် လုံလောက်မှုရှိရန် အချိန်ယူရမည်ဟု ဦးထိန်လွင်က ပြောသည်။ ရက်တစ်ရာ စီမံချက်အတွင်း မြို့နယ် ၂၆ မြို့နယ်၊ ရပ်ကွက် သုံးရပ်ကွက်၊ ကျေးရွာ ၁၅၉ ရွာရှိ အိမ်ထောင်စု ၁၆,၃၆၆ စု လျှပ် စစ်ဓာတ်အားသုံးစွဲနိုင်ရေး လုပ် ဆောင်နိုင်ခဲ့သည်ဟု အဆိုပါဝန် ကြီးဌာနက သတင်းထုတ်ပြန်သည်။

7 Day Daily


Leave a Reply