၂၁ ရာစုပင်လုံညီလာခံအလွန်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးရန် ပြင်ဆင်ထားသည်ဟု သိရ

၂၁ ရာစုပင်လုံညီလာ ခံအလွန်တွင်လည်း အစိုးရဘက်က ဆွေးနွေးညှိနှိုင်းမှုများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၁ ရာစုပင်လုံညီလာခံကို သတ်မှတ်ထားသည့် သြဂုတ် ၃၁ ရက်တွင် ပြုလုပ်မည်ဖြစ်သော်လည်း အားလုံးပါဝင်ရေး၊ နိုင်ငံရေးမူဘောင်သုံးသပ်ခြင်းစသည့် ကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေးမှုများကို ပင်လုံညီလာခံအပြီး ၌ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

‘‘ညီလာခံကျင်းပတာမတိုင်ခင်ရော၊ ကျင်းပနေဆဲမှာရော၊ ညီလာခံကျင်းပပြီးတဲ့နောက်မှာပါ အားလုံးပါဝင်ရေးမူကို ဆက်ပြီးဆောင်ရွက်ဖို့ဆိုတာ အခြေခံတာဖြစ်တဲ့ အတွက် ဒါတွေက ဆက်တော့သွားနေရမှာပါပဲ’’ ဟု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

ဆက်လက်၍ ဦးလှမောင်ရွှေက ‘‘ညီလာခံကျင်းပပြီးရင်လည်း ညှိနှိုင်းမှုတွေက ဆက်ရှိနေမှာပါ။ Framework တွေလည်း ထပ်ညှိနှိုင်းနေမှာ ဒါတွေက တစ်ခါတည်းပိတ်ထားတာမဟုတ်တဲ့အတွက် ဒါက Process အနေနဲ့ပါ။ တစ်ခါတည်းအသေမဟုတ်ဘူး’’ဟု ပြောသည်။

၂၁ ရာစုပင်လုံညီလာခံကျင်းပရန် လ၀က်ခန့်သာလိုတော့သည့်အချိန်အထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် မပါဝင်သည့် အဖွဲ့အချို့၏ ညီလာခံတက်ရောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများသည် တိကျသည့် အဖြေထွက်ပေါ်ခြင်းမရှိသေးပေ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က NCA မရေးထိုးထားသည့်အဖွဲ့များအနေဖြင့် ပင်လုံ ညီလာခံတွင် ပါဝင်နိုင်မည့် နည်းလမ်းများ တင်ပြဆွေးနွေးထားပြီး သြဂုတ် ၁၅ ရက် UPDJC အစည်းအဝေး၌ သိရမည်ဟု ယုံကြည်ကြောင်း ပြောကြားထားသည်။

‘‘ဒီ Process ဆက်သွားဖို့ ဒီညီလာခံကတစ်ဆင့်၊ ဒီလမ်းပေါက်ကတစ်ဆင့် အားလုံးဆက်သွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း တိုင်းရင်းသားတွေဘက်က နားလည်ပါတယ်’’ ဟု ဦးလှမောင်ရွှေက ဆိုသည်။

၂၁ ရာစုပင်လုံညီလာခံသို့ NCA ရေးထိုးထားသည့် အဖွဲ့ရှစ် ဖွဲ့နှင့် လက်မှတ်မရေးထိုးထားသည့် ‘၀’၊  မိုင်းလားနှင့် နာဂအဖွဲ့များ တက်ရောက်မည်ဟု ပြောကြားထားသည်။

7 Day Daily


Leave a Reply