ချောင်းဆိုးပျောက်ဆေးများ မတင်ပို့မီ နမူနာများကို မဖြစ်မနေစမ်းသပ်စစ်ဆေးရန် ကုမ္ပဏီများကို အိန္ဒိယအစိုးရ ညွှန်ကြား

အိန္ဒိယဆေးကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ချောင်းဆိုးပျောက်ဆေးရည်များကို ဈေးကွက်သို့ မတင်ပို့မီတွင် ဆေးနမူနာများကို မဖြစ်မနေစမ်းသပ်စစ်ဆေးရန် အိန္ဒိယအစိုးရကညွှန်ကြားလိုက်သည်။
ဆေးကုမ္ပဏီများ အနေဖြင့် တင်ပို့မည့်ဆေးနမူနာများကို အစိုးရက ခွင့်ပြုထားသော ဓာတ်ခွဲခန်းများတွင် ဇွန် ၁ ရက်မှစ၍ စစ်ဆေးမှုပြုလုပ်ရမည်ဖြစ်ပြီး စစ်ဆေးမှုလက်မှတ်ရရှိမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်သည်။
အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးအချို့ကြောင့် ဂမ်ဘီယာနှင့် ဥဇဘက်ကစ္စတန်တို့တွင် ကလေးငယ်များ သေဆုံးမှုဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုသို့ ကလေးငယ်များသေဆုံးခဲ့ခြင်းကြောင့် ကမ္ဘာ့ဆေးဝါးထုတ်လုပ်မှု၏ သုံးပုံတစ်ပုံရှိသော အိန္ဒိယနိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးအပေါ်သက်ရောက်မှုများရှိခဲ့ပြီး မူဝါဒပြောင်းလဲရန် စဉ်းစားနေကြောင်း အစိုးရတာဝန် ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။
ဂမ်ဘီယာနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့၌ ကလေးငယ်များသေဆုံးမှုနှင့် ဆက်နွှယ်နေသည့် အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်လေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
-Ref:BBC