ကင်ညာ၌ ကမ္ဘာပျက်ဂိုဏ်းဝင်များရှာဖွေရေး ပြန်လည်စတင်

ကင်ညာက တောအုပ်တစ်ခုထဲမှာ လူသေအလောင်း ၁၀၀ ကျော် တူးဖော်တွေ့ရှိပြီးနောက် ရပ်ဆိုင်းထားတဲ့ အယူသီး ကမ္ဘာပျက်ဂိုဏ်းဝင်တွေ ရှာဖွေမှုကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။ ကင်ညာ ပြည်ထဲရေးဝန်ကြီးက ရှာဖွေရေးပြန်စပြီလို့ ပြောဆိုခဲ့ပြီး သေဆုံးရသူတွေဟာ ဂိုဏ်းဖွဲ့ ရာဇဝတ်မှုကြီးရဲ့သားကောင်တွေ ဖြစ်တယ် လို့လည်း မေလ ၉ ရက်မှာ ပြောခဲ့ပါတယ်။
လက်ရှိမှာတော့ ဘာသာရေးအယူသီး ဂိုဏ်းခေါင်းဆောင် ပေါလ် မက္ကင်ဇီ ကို ကင်ညာရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။ မက္ကင်ဇီဟာ ဧပြီလ၊ ၁၅ ရက်က ကမ္ဘာပျက်တော့မှာမို့ ကမ္ဘာမပျက်ခင် ကောင်းကင်ဘုံသွားနိုင်ဖို့ သူ့နောက်လိုက်တွေကို ကလေးတွေနဲ့အတူ အစာငတ်ခံစေခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။ ကင်ညာနိုင်ငံ အရှေ့တောင်ပိုင်းက ရှာကာဟိုလာ သစ်တောထဲမှာ မက္ကင်ဇီရဲ့ နောက်လိုက် မိသားစုဝင်တွေရဲ့ အလောင်းတွေကို တွေ့ခဲ့ရတာဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေရေးကို ရက်အတန်ကြာ ဆိုင်းငံ့ထားခဲ့ ရပါတယ်။
အလောင်းပေါင်း (၁၃၃)လောင်းအထိ တွေ့ရှိထားပြီး (၁၂၂)လောင်းကို ရင်ခွဲစစ်ဆေး နိုင်ခဲ့တဲ့နောက် ရပ်ဆိုင်းထားတဲ့ ရှာဖွေရေးလုပ်ငန်းတွေ ပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။ ကင်ညာသမ္မတ ဝီလျံရူတိုက အစုလိုက်အပြုံလိုက် သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ မေလ၊ ၇ ရက်နေ့က ညွှန်ကြားခဲ့တာပါ။ မက္ကင်ဇီရဲ့ရှေ့နေတွေက သူ့အမှုသည်ဟာ ရဲတွေနဲ့ ပူးပေါင်းဆောင် ရွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။