ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဖြစ်ရောက်ရှိကြောင်း မိုး/ဇလထုတ်ပြန်

ဒီကနေ့ မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA”အဖြစ်ရောက်ရှိခဲ့ပြီးလို့ မိုး/ဇလက ထုတ်ပြန်ပါတယ်။
အဲဒီ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၆၅)မိုင်လောက်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင်(၄၇၅) မိုင်လောက်၊ စစ်တွေမြို့ ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၆၁၅) မိုင်လောက်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်းရဲ့ အနောက်-အနောက် မြောက်ဘက် ရေမိုင်(၄၁၅)မိုင်လောက်၊ ပို့ပလဲယားရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်လောက် နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် (၆၆၅)မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ လက်ရှိအခြေ အနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကို ဦးတည် ရွေ့လျားနိုင်တဲ့ အခြေအနေရှိတာကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုး/ဇလကထုတ်ပြန်ထား ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲအချိန်က မြောက်လတ္တီကျု(၁၁.၀)ဒီဂရီနဲ့ အရှေ့လောင် ဂျီကျု (၈၈.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီကို (၄၅)မိုင်နှုန်းလောက်ရှိနေပါတယ်။
ဒီကနေ့ ညပိုင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”အဖြစ်ရောက်ရှိနိုင်ပြီး မေ ၁၂ ရက်မှာ မြောက်-အရှေ့မြောက်ဘက်ကို တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ အားအလွန် ကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုး/ဇလကထုတ်ပြန်ထားပါတယ်။ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”ဟာ မေ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” အရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ နေရာကွက် ပြီး မိုးကြီးနိုင်ပါတယ်။ နောက်(၂၄)နာရီအတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးနိုင်ပါ တယ်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်ကနေ မိုင်(၄၀)လောက်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၈)ပေကနေ (၁၁) ပေလောက်ရှိနိုင်ပါတယ်။
မေ ၁၂ ရက်ကနေ ၁၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်း အလွန်ကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၈၀)ကနေ မိုင်(၁၀၀)လောက်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့မှာ (၁၃)ပေကနေ (၁၆)ပေလောက် ရှိနိုင်ပါတယ်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)ကနေ (၄၅)မိုင် လောက်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေကနေ (၁၂)ပေလောက် ရှိနိုင်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်း ခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားကနေ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီကို မိုင်(၉၀)ကနေ (၁၀၀)လောက်အထိ တိုက်ခတ်နိုင်ပါတယ်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်တွေအတွင်း (၁၀)ပေကနေ (၁၄) ပေလောက်အထိနဲ့ ကျောက်ဖြူ ခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်တွေအတွင်း (၇)ပေကနေ (၁၀)ပေလောက်အထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးတာနဲ့အတူ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ မြေပြိုမှု အန္တရာယ်နဲ့ ရေကြီး၊ ရေလျှံမှုအန္တရာယ်တွေကို ပြည်သူတွေ သတိပြုကြဖို့လည်း မိုး/ဇလကအသိပေးထားပါတယ်။ ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့နဲ့ ပြည်သူလူထုအနေနဲ့ မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အချိန်နဲ့ တပြေးညီထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင် မှုတွေကို ဆောင်ရွက်ဖို့လည်းအကြုံပြုထားပါတယ်။