နိုင်ငံ့ဝန်ထမ်းများလစာတိုးမည်ဟု လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ်နေသော် လည်း လက်ရှိအချိန်တွင် အစီအစဉ်မရှိသေးဟုဆို

ယခုလပိုင်းအတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမည်ဟု လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်တွင် အစီအစဉ်မရှိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံ့ဝန်ထမ်းများအတွက် ရုံးအကူ/ရုံးစောင့်/သန့်ရှင်းရေး စသည့်ဝန်ထမ်းများ၏ အခြေခံလစာနှုန်းထားမှာ ကျပ် ၃၅၀၀၀၀ မှ စတင်မည်ဖြစ်ကာ အရာရှိဝန်ထမ်း တစ်ဦးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ် တစ်ဦးလျှင် လစာကျပ် ၁၀၀၀၀၀၀ ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် က “လတ်တလောတော့ လစာတိုးဖို့ ၀န်ကြီးဌာနအနေနဲ့ စီစဉ် ထားတာမရှိသေးပါဘူး။ တကယ်တိုးမယ် ဆိုရင်လည်း တရားဝင်ထုတ်ပြန်ပေးသွားမှာပါ” ဟု ဇူလိုင် ၄ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။

လက်ရှိပြည်တွင်းငွေကြေးဖောင်းပွမှုမြင့်တက်နေချိန်တွင် အစိုးရအနေဖြင့် ၀န်ထမ်းအားလုံးအား လစာ တိုးပေးရန်မှာ မဖြစ်နိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူ အချို့က သုံးသပ်သည်။

စီးပွားရေးပညာရှင် ဦးလှမောင် က ” ပထမဆုံးလစာတိုးမယ်ဆိုပြီး သတင်းထွက်တာက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ လစာတိုးမယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဲဒါနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပြီးနောက်ပိုင်းမှာ ၀န်ထမ်းတွေလစာတိုးမယ်ဆိုတဲ့ အသံတွေ ထပ်ထွက် လာတာပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖြေရှင်းမယ်ဆိုရင်တော့ အကောင်းဆုံး ပါပဲ။ အခုလို ကောလာဟလတွေ ထွက်လာတာမကောင်းပါ ဘူး” ဟုဆိုသည်။

နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းများ တိုးမြှင့်ပေးခြင်းကို ၁၉၇၂ ခုနှစ်၊ ၁၉၇၆ ခုနှစ်၊ ၁၉၈၁ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တို့တွင် တိုးမြှင့်ပေးခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရသစ် လက်ထက် ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် တို့တွင် လစာနှုန်းထားများကို ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။

‪Democracytoday


Leave a Reply