အမေရိကန် Wall Street Journal ရဲ့ သတင်းထောက် ရုရှားမှာ ထိန်းသိမ်းခံရ

အမေရိကန်အခြေစိုက် Wall Street Journal သတင်းစာတိုက်က ရုရှားနိုင်ငံအလယ်ပိုင်းမှာ အထိန်းသိမ်းခံခဲ့ရတဲ့ သူတို့ သတင်းသမားတစ်ဦးရဲ့ ဘေးကင်းလုံခြုံမှုအတွက် အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီသတင်းသမား အီဗန် ဂါရှ်ကိုဗစ်ချ် ကို ယီကာတာရင်ဘာ့ဂ်မြို့မှာ ထိန်းသိမ်းခဲ့ပြီး သူလျှိုမှုနဲ့ စွပ်စွဲထားတယ်လို့ ရုရှားပြည်တွင်း လုံခြုံရေးအဖွဲ့ FSB က အစောပိုင်းက အတည်ပြုပြောပါတယ်။

သူဟာ ရုရှားကာကွယ်ရေး လုပ်ငန်းနဲ့ ဆိုင်တဲ့ အစိုးရလျှို့ဝှက်သတင်းအချက်အလက်တွေကို စုဆောင်း ရယူနေတယ်လို့ ဆိုပါတယ်။

မစ္စတာ ဂါရှ်ကိုဗစ်ချ် ကို လက်ပူးလက်ကျပ် မိခဲ့တာ ဖြစ်တယ်လို့ ရုရှားအစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

Wall Street Journal သတင်းစာတိုက်ကတော့ မော်စကိုအခြေစိုက် သူတို့ရဲ့ သတင်းသမားဟာ သူလျှိုတစ်ယောက် ဖြစ်တယ်ဆိုတာကို ခါးခါးသီးသီး ငြင်းဆိုထားပါတယ်။

မစ္စတာ ဂါရှ်ကိုဗစ်ချ် ဟာ စစ်အေးကာလပြီးကတည်းက ရုရှားမှာ သူလျှိုမှုနဲ့ အထိန်းသိမ်းခံရတဲ့ ပထမဆုံး အမေရိကန်သတင်းဌာနတစ်ခုရဲ့ သတင်းသမားဖြစ်ပါတယ်။

-Ref:BBC