လူမည်းတစ်ဦးသေဆုံးမှုကြောင့် အမေရိကန်နိုင်ငံတွင် ဆန္ဒပြမှုများပြန်လည်ဖြစ်ပွား

အရင်တစ်ပတ်နှောင်းပိုင်းက ဝစ်ကွန်ဆင်ပြည်နယ်၊ ကီနိုရှာမြို့မှာ လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားလာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး တိုနီအဲဗားစ်ဟာ အင်္ဂါနေ့က ဝစ်ကွန်ဆင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

တနင်္လာနေ့က ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး ဆူပူရမ်းကားနေသူတွေကို ဝစ်ကွန်ဆင်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ပေမယ့် သိပ်မကြာခင်မှာ လူစုလူဝေးပြန်ဖြစ်လာပြီး ပုလင်းတွေ၊ မီးတုတ်တွေနဲ့ ရဲတပ်ဖွဲ့ကို ပြန်လည်ပစ်ပေါက်ခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်ဦးရေကို ထပ်တိုးချခဲ့ပေမယ့်  ဆန္ဒပြရမ်းကားမှုတွေ မရပ်တန့်တာကြောင့် ပြည်နယ်ကို အရေးပေါ်အခြေအနေကြေညာပြီး ပြည်ထောင်စုအစိုးရရဲ့ လုံခြုံရေး အကူအညီယူဖို့ တိုနီအဲဗားစ် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဂျက်ကော့ဘ်ဘလိတ်လို့ အမည်ရတဲ့ လူမည်းအမျိုးသားတစ်ဦးကို သေနတ်နဲ့ ၇ ချက် ဆက်တိုက် ပစ်ခံရတဲ့အမှုကို အလုံးစုံ စုံစမ်းစစ်ဆေးဖို့ အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေက တောင်းဆိုထားတယ်လို့ NBC သတင်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။