ပုဂ္ဂလိကပိုင် လူစီးမော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်တပ်ဆင်ရမည်

ပုဂ္ဂလိကပိုင် လူစီးမော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားပုံစံအသစ်ကို ပြောင်းလဲတပ်ဆင်ရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။

ကညနအနေဖြင့် ပုဂ္ဂလိက လူစီးမော်တော်ယာဉ်များကို ဦးစားပေးပြောင်းလဲတပ်ဆင်ပေးသွားမည်ဖြစ်ရာ လူစီးယာဉ်များ အားလုံး နှစ်လဲသက်တမ်းတိုးချိန်စေ့ ရောက်သည်ဖြစ်စေ၊ မစေ့ရောက်သေးသည်ဖြစ်စေ သက်ဆိုင်ရာ ကညနရုံးများသို့ဆက်သွယ်၍ ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များ အမြန်ဆုံး ပြောင်းလဲတပ်ဆင်ကြရန် အသိပေးထားသည်။

လက်ရှိ ပြောင်းလဲတပ်ဆင်မည့် ဖောင်းကြွနံပါတ်ပြားပုံစံအသစ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ သင်္ကေတအပြင် မြို့နယ်ကိုယ်စားပြုသည့် ဂဏန်းဖော်ပြချက်ပါ ပါဝင်ပြီး မော်တော်ယာဉ် အမျိုးအမည်ဖော်ပြချက်များ ပါရှိကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)အနေဖြင့် နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေးခရီးသည် တင်ယာဉ်များ၊ မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံး မတ် ၃၁ ရက် အပြီး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်ပြောင်းလဲတပ်ဆင်ပေးလျက်ရှိရာ လက်ရှိတွင် ရာနှုန်း ပြည့်နီးပါးပြီးစီးပြီ ဖြစ်ကြောင်း ကြေညာထားသည်။