တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် စီးပွားရေးလုပ်ငန်းများ လျှပ်စစ်ဓာတ်အားအသုံးမပြုရန် YESC ကြေညာ

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ညနေ ၅ နာရီမှည ၁၀ နာရီအထိ စီးပွားရေးနှင့် စက်မှုလက်မှု လုပ်ငန်းများ လျှပ်စစ်ဓာတ်အားအသုံးမပြုရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးကြေညာထားသည်။

၂၀၂၃ ခုနှစ်တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ ၈ ရက်မှ ၁၈ ရက်အထိကျင်းပမည်ဖြစ်ပြီး မတ်လ ၁ ရက်မှ ၂၀ ရက်အထိ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများညပိုင်းစာကြည့်နိုင်ရန် ဓာတ်အားထုတ်လုပ်မှု တိုးမြှင့်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုမမျှတပါက ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်နိုင်ခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စီးပွားရေးနှင့်စက်မှုလက်မှုလုပ်ငန်းများအနေဖြင့် မတ် ၁ ရက်မှ ၂၀ ရက်အတွင်း ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ လျှပ်စစ်ဓာတ်အားဖြင့်လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြရန် အသိပေးကြေညာထားသည်။

ယင်းကန့်သတ်ချိန်အတွင်း လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှု နည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဟု YESC ကကြေညာထားသည်။