ရုရှားကုမ္ပဏီပိုင် ဒေါ်လာ ၂၅ သန်းကျော်တန်သည့် ဘိုးအင်းလေယာဉ်ကို အမေရိကန် သိမ်းယူမည်

အမေရိကန်ပြည်ထောင်စုဟာ အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် တန်ဖိုးရှိတဲ့ ရုရှားရေနံကုမ္ပဏီ Rosneft ပိုင် ဘိုးအင်းလေယာဉ်ကို သိမ်းယူဖို့ မတ်လ ၈ ရက်က ဝရမ်းတခု ရရှိခဲ့ကြောင်း အမေရိကန် တရားရေးဌာနက ပြောပါတယ်။

နယူးယောက်အရှေ့ပိုင်းခရိုင်အတွက် အမေရိကန်ခရိုင်တရားရုံးကနေ ပို့ကုန်ထိန်းချုပ်မှု ချိုးဖောက်မှုတွေနဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေအပေါ် အခြေခံပြီး သိမ်းဆည်းမှုကို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ မော်စကိုက ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေခဲ့ပြီး ရုရှားရေနံကုမ္ပဏီတွေရဲ့ ငွေကြေး ထောက်ပံ့နိုင်မှုကို ရှုပ်ထွေးစေခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကာလကြာရှည်မဟာမိတ်ဖြစ်တဲ့ Rosneft အမှုဆောင်အရာရှိချုပ် Igor Sechin ကို အမေရိကန်က ပိတ်ဆို့အရေးယူထားပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေ စတင်အသက်ဝင်ကတည်းက အမေရိကန်ထုတ်လုပ်တဲ့ ဘိုးအင်း 737-7JU လေယာဉ်ဟာ ရုရှားနိုင်ငံကို အနည်းဆုံး ၇ ကြိမ်လောက် အဝင်အထွက် လုပ်ခဲ့ကြောင်း တရားရေးဌာနက ပြောကြားခဲ့ပါတယ်။

ဘိုအင်းဂျက်လေယာဉ်ဟာ အမေရိကန်မှာ ၂၀၁၄ ခုနှစ် မတ်လက နောက်ဆုံးရှိနေခဲ့ပြီး အဲဒီလေယာဉ်ဟာ အခု ရုရှားနိုင်ငံမှာ ရှိနေတာ၊ သို့မဟုတ် ရုရှားကို ခရီးသွားနေတာ၊ ဒါမှမဟုတ် ရုရှားကနေ ခရီးထွက်ခွာနေတယ်လို့ ယူဆရကြောင်း တရားရေးဌာနက ပြောထားပါတယ်။