ရေအနက် ၇ မီတာမှာ ၁ ပတ်ကြာ ရှိခဲ့ပေမယ့် မပျက်ဆီးတဲ့ iPhone 11

ရေထဲပြုတ်ကျသွားပြီး မပျက်ဆီးဘဲ အကောင်းအတိုင်း သုံးလို့ရတဲ့ iPhone သတင်းတွေ အရင်ကလည်း ကြားသိခဲ့ရပါတယ်။ အခုလည်း အဲဒီလို ဖြစ်ရပ် ၁ ခု ဖြစ်ပွားခဲ့ပါတယ်။ ဘရာဇီးက ကျောင်းသား ၁ ယောက်ဟာ ရေကန်မှာ ရေနစ်နေတဲ့ အမျိုးသမီး ၁ ယောက်ကို ကယ်ဖို့ကြိုးစားချိန်မှာ အင်္ကျီအိတ်ကပ်ထဲကနေ iPhone 11 ဟာ ရေထဲ ပြုတ်ကျသွားပါတယ်။

ရေအနက် ၇ မီတာထဲကို ပြုတ်ကျသွားတာ ဖြစ်ပြီး ၁ ပတ်အကြာမှာ အဲဒီဖုန်းကို ပြန်လည် ရှာတွေ့ခဲ့ပါတယ်။ ထူးဆန်းတာက ဖုန်းဟာ မပျက်ဆီးသွားဘဲ အကောင်းအတိုင်း အသုံးပြုလို့ရနေသေးတာပါ။ ဒီဖြစ်ရပ်ဟာ ဘရာဇီး နိုင်ငံ၊ ဘရာစီလီယာက ပါရာနိုအာ ရေကန်မှာ ဖြစ်ပွားခဲ့တာပါ။

iPhone 11 မှာ IP68 စံနှုန်း ပါပေမယ့် ရေအနက်ထဲမှာ အသုံးပြုလို့ မရပါဘူး။ အခုလို ရေအနက် ၇ မီတာအထိ ပြုတ်ကျသွားတာတောင်မှ မပျက်ဆီးတာကတော့ အံ့အားသင့်စရာ ကောင်းပါတယ်။ Apple iPhone တွေရဲ့ အကြမ်းခံမှုနဲ့ ရေစိုခံ စွမ်းရည်ကတော့ ချီးကျူးရမှာပါ။

 

ref : gizmochina