Honor ရဲ့ ဘေးဘောင်မဲ့ စမတ်ဖုန်းကို ဒီဇင်ဘာ ၅ ရက်တွင် မိတ်ဆက်မည်

7X ကို မိတ်ဆက်ပေးခဲ့တဲ့ Honor က လန်ဒန်မှာကျင်းပမယ့် အခမ်းအနားအတွက် ဖိတ်စာတွေကို မီဒီယာများ ထံ ပေးပို့ခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ကျင်းပမယ့် အဲ့ဒီအခမ်းအနားမှာ Honor က ဘေးဘောင်မပါတဲ့ စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ကြေညာသွားမယ်လို့ သိရပါတယ်။

အခမ်းအနားဖိတ်စာမှာ “Max your view” ဆိုတဲ့ ဆောင်ပုဒ်ကိုထည့်သွင်းထားတာကြောင့် အနားလုံးဝန်းပြီး 2.5D curved screen ပါဝင်တဲ့ phablet တစ်မျိုးကို မိတ်ဆက်ကြေညာသွားမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ပိုစတာမှာ #IOOI tag ကို ထည့်သွင်းထားတာကြောင့် ဘေးဘောင်မဲ့ Honor မှာ AI အသားပေး dual camera စနစ်ကို တွေ့မြင်ရဖို့ရှိပါတယ်။

Huawei ဟာ AI အသားပေး Kirin 970 chipset ကို မကြာသေးခင်က မိတ်ဆက်ကြေညာခဲ့တာကြောင့် အဲ့ဒီ chipset ကို ဖုန်းအသစ်မှာ တွေ့မြင်ရမယ်လို့ ယူဆရပါတယ်။ Honor ဘေးဘောင်မဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးပါဘူး။

-နောင်နောင်