လုံခြုံရေးစိုးရိမ်ပူပန်မှုကြောင့် ဥရောပကော်မရှင်ဝန်ထမ်းတွေကို TikTok မသုံးဖို့ အမိန့်ထုတ်

ဥရောပ ကော်မရှင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့စမတ်ဖုန်းတွေနဲ့ ကော်မရှင်မှာ အသုံးပြုနေတဲ့ စက်ပစ္စည်း တွေမှာ TikTok အက်ပလီကေးရှင်းကို ဖယ်ရှားဖို့နဲ့ အသုံးမပြုဖို့ အမိန့်ထုတ်လိုက်ပါတယ်။

အချက်အလက် တွေကို ကာကွယ်ဖို့အတွက် ဆိုက်ဘာလုံခြုံရေးတိုးမြှင့်မယ့် စီမံချက်ကို အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ဥရောပကော်မရှင်က ထုတ်ပြန်ထားပါတယ်။

တရုတ်အခြေစိုက် Byte Dance ကုမ္ပဏီကပိုင်ဆိုင်တဲ့ TikTok ဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

TikTok ကတော့ ဒီစွပ်စွဲချက်တွေကို ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။ လက်ရှိမှာတော့ ဥရောပကော်မရှင်မှာ အမြဲတမ်းဝန်ထမ်းနဲ့ စာချုပ်ဝန်ထမ်း ၃၂၀၀၀ ကျော်ရှိနေပြီး သူတို့ရဲ့ဆက်သွယ်ရေး ပစ္စည်းတွေကနေ TikTok အက်ပလီကေးရှင်းကို မတ် ၁၅ ရက် နောက်ဆုံးထားပြီး ဖယ်ရှားဖို့ တာဝန်ရှိသူတွေက အမိန့်ထုတ်ထားပါတယ်။

သုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုရယူနိုင်တဲ့ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် အမေရိကန်အစိုးရကလည်း သူ့ရဲ့ အစိုးရဝန်ထမ်းတွေအတွက် ထုတ်ပေးထားတဲ့ စက်ပစ္စည်းတွေမှာ TikTok အက်ပလီကေးရှင်း ထည့်သွင်း အသုံးပြုမှုကို ယမန်နှစ်က ပိတ်ပင်ခဲ့ပါတယ်။