Xiaomi စမတ်ဖုန်းတွေကနေ BMW ကားတွေကို ထိန်းချုပ်နိုင်တော့မည်

Apple က ၂၀၂၀ ခုနှစ်မှာ Digital Car Key လုပ်ဆောင်ချက်ကို ကြေညာပြီးနောက်မှာ Android ဖုန်း ကုမ္ပဏီတွေဟာ ကိုယ်ပိုင် Digital Car Key ကို ဖန်တီးလာကြပါတယ်။ အခုတော့ Xiaomi က Digital Car Key ကို ကြေညာလိုက်ပြီး BMW နဲ့ ပူးပေါင်းထားပါတယ်။

Xiaomi က Mobile World Congress 2023 (MWC 2023) မှာ ဒီနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလ ကနေ ဇွန်လအတွင်း BMW ကား တချို့မှာ Digital Car Key ကို သုံးနိုင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ Xiaomi ဖုန်းနဲ့ BMW ကား ပိုင်ထားသူတွေဟာ အဲဒီ လုပ်ဆောင်ချက်ကို သုံးနိုင်မှာပါ။

Digital Car Key က Xiaomi စမတ်ဖုန်းတွေကနေ ကားတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး Lock , Unlock လုပ်တာ၊ ကားစက်နှိုးတာတွေကို ပြုလုပ်နိုင်မှာပါ။ အဲဒီအတွက် သွားလေရာ ကားသော့ ယူဆောင်သွားဖို့ မလိုတော့ဘဲ ဖုန်း ရှိတာနဲ့ အဆင်ပြေပါပြီ။ ကားသော့ မကြာခဏမေ့တတ်သူတွေအတွက်လည်း အသုံးဝင်ပါတယ်။ ဖုန်း ပျောက်သွားရင်လည်း အဝေးကနေ Digital Key ကို ပိတ်ပင်နိုင်ပါတယ်။

သင့်ကားကို တခြားတစ်ယောက်ကို ငှားလိုက်ရင်လည်း ကားသော့ ပေးစရာ မလိုဘဲ Digital Key ကိုပဲ ပေးလိုက်ရင် ရပါတယ်။ Digital Key ကို Google Wallet နဲ့ တခြား ပလက်ဖောင်းတွေမှာ သိမ်းထားနိုင်ပါတယ်။

Ref : gizmochina