အီးမေးလ်ကိစ္စနှင့် ပတ်သက်၍ အက်ဖ်ဘီအိုင်က ဟီလာရီကလင်တန်ကို စစ်ဆေး

350A5E0500000578-3634074-image-a-4_1465506752981

နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က အီးမေးလ်အသုံးပြုမှုများနှင့် ပတ်သက်၍ အမေရိကန် ဖက်ဒရယ် စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) က ကန် သမ္မတလောင်းနေရာ ယှဉ်ပြိုင်သူ ဟီလာရီကလင်တန် ကို ခေါ်ယူ မေးမြန်းခဲ့ကြောင်း မဲဆွယ်ရေးအဖွဲ့က ပြောကြားသည်။

အက်ဖ်ဘီအိုင်၏ တွေ့ဆုံမေးမြန်းမှု အကြောင်းအရာများနှင့်ပတ်သက်၍ မဲဆွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သော်လည်း မစ္စစ်ကလင်တန်သည် အက်ဖ်ဘီအိုင်ရုံးချုပ်သို့ လိုလိုလားလား သွားရောက်ခဲ့ သည်ဟု ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်က ကလင်တန် အသုံးပြုခဲ့သော ကိုယ်ပိုင်အီးမေးလ်ဆာဗာပေါ်မှ ကန့်သတ်လျှို့ဝှက်သတင်း အချက်အလက်များ အား မစ္စစ်ကလင်တန်နှင့် လက်ထောက်များက မှားယွင်းစွာကိုင်တွယ် ခဲ့သည်လားဆိုခြင်းကို အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးနေသည်။

မစ္စစ်ကလင်တန်သည် စစ်ဆေးရေးမှူးများနှင့် သုံးနာရီခွဲခန့် စကားပြောခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

စောစောပိုင်းက ပြုလုပ်ခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း စုံစမ်း စစ်ဆေးမှုတွင် မစ္စစ်ကလင်တန် နှင့် ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်းများသည် အီးမေးလ် လုံခြုံရေး စီမံခန့်ခွဲရာ၌ အားနည်းခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းမှာ ရာဇ၀တ်မှုမြောက်သည်လားဆိုခြင်းကို တရားရေးဌာနက ထူထောင်ရန် ကြိုးစားနေသည်။

မစ္စစ်ကလင်တန်အား တရားစွဲဆိုရမည်လားဆိုသည်ကို ဆုံးဖြတ်ချိန်တွင် အက်ဖ်ဘီအိုင်နှင့် အစိုးရရှေ့နေများ၏ တွေ့ရှိချက်များကို လက်ခံသွားမည်ဟု ကန်အစိုးရ ရှေ့နေချုပ် လိုရက်တာလင့်ခ်ျက သောကြာနေ့တွင် ပြောသည်။

ယင်းမတိုင်မီ တစ်ရက်က ရှေ့နေချုပ်က ဟီလာရီကလင်တန်၏ ခင်ပွန်းသမ္မတဟောင်း ဘီလ်ကလင်တန်နှင့် တွေ့ဆုံခဲ့သည်။

—Ref: BBC/UPI


Leave a Reply