လျှပ်စစ်ကားတင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့်ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နစက ပြောကြား

လျှပ်စစ်ကား တင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့် ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ “လာရောက်လျှောက်ထားတဲ့ကုမ္ပဏီ ၂၆ ခုရှိပါတယ်။ အခုချိန်အထိ ဘယ်ကုမ္ပဏီကိုမျှ ခွင့်မပြုသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် ဝန်ကြီးဌာနက ပြည်ပမှ လျှပ်စစ်သုံး မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များကို ထုတ်ပြန်ထားသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ နိုဝင်ဘာ ၁၁ ရက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက Pilot Project အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ် တင်သွင်းခြင်းဆိုင်ရာ လိုက်နာ ရမည့် စည်းကမ်းချက်များ သတ်မှတ်သည့် အမိန့်ကြေငြာစာကို ထုတ်ပြန်ထားသည်။

စည်းကမ်းချက်များအရ ကော်မတီ၏သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက် အတိုင်း သာ တင်သွင်းရမည်ဖြစ်သည်။ Pilot Project အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်များ တင်သွင်းခြင်းအတွက် လိုက်နာရမည့် စည်းကမ်းများမှာ လျှပ်စစ်သုံးယာဉ် တင်သွင်းမည့်ကုမ္ပဏီသည် အရောင်းပြခန်းဖွင့်လှစ်ခွင့် လက်မှတ်ရရှိထားခြင်း မရှိသေးပါက မြန်မာနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားဖက်စပ်ဆောင်ရွက် ခြင်းဖြစ် စေ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ဖြစ်ရမည်။ တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်၏အမှတ်တံဆိပ် (Brand) တစ်ခုစီအတွက် ရောင်းချသည့် ကုမ္ပဏီနှင့် ချုပ်ဆိုထား သည့် အရောင်းအဝယ် သဘောတူစာချုပ်တင်ပြနိုင်သူဖြစ်ရမည်ဖြစ်ပြီး အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် ရရှိပြီးဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် တင်သွင်းမည့်လျှပ်စစ်သုံးယာဉ် များအတွက် လိုအပ်သည့် အာမခံမှု၊ အပိုပစ္စည်းများ (Spare Parts) ရရှိနိုင်မှုနှင့် သုံးစွဲ ပြီးနောက်ပိုင်း ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်သည့် အစီအမံထားရှိရမည်ဖြစ်ကြောင်း၊ လျှပ်စစ် သုံးယာဉ် တင်သွင်းရောင်းချမည့် ကုမ္ပဏီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုသည့်ဘဏ်တွင် မြန်မာကျပ် ငွေသိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမည်ဖြစ်ကြောင်း စည်းကမ်း ချက်တွင် ဖော်ပြထားသည်။ တင်သွင်းလာသောယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရန် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့်ပါမစ် လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။ ယင်းအမိန့်ကြော်ငြာစာပါ လျှပ်စစ်သုံးယာဉ်ဟူသော စကားရပ်တွင် လျှပ်စစ်သုံး လူစီးယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ အကျုံးဝင်ပြီး BEV (Battery Electric Vehicle)ယာဉ်များ ဖြစ်ရမည်ဟု သိရသည်။ ယင်းထုတ်ပြန်ချက်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ  အကျိုးသက်ရောက်စေမည်ဖြစ်ပြီး အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်များကို လိုအပ်ပါက ပြင်ဆင်မည်ဟု ထုတ်ပြန်ထားသည်။