ယူကရိန်း က နယ်မြေများ ထပ်မံချီတက်သိမ်းပိုက်လာတဲ့အတွက် လူထုဆန္ဒခံယူပွဲကျင်းပဖို့ ခွဲထွက်ရေး ခေါင်းဆောင် ပြောကြား

မကြာခင်က ရုရှား က စွန့်လွှတ်သွားခဲ့တဲ့ နယ်မြေတွေထဲဆီ မိမိတို့တပ်ဖွဲ့တွေက အရှေ့ဘက်ကို ထပ်မံချီတက်သွားခဲ့တယ်လို့ ယူကရိန်းက ပြောကြားပြီး ရုရှား ထိန်းချုပ် ဒွန်ဘတ်စ် ဒေသကို တိုက်ခိုက်နိုင်ဖို့ လက်တစ်ကမ်း နေရာကို ရောက်ရှိသွားခဲ့ချိန်မှာပဲ ယူကရိန်း ရဲ့ ထိုးစစ်အောင်မြင်မှု အပေါ် မော်စကို ထောက်ခံတဲ့ ဒွန်ဘတ်စ် အစိုးရရဲ့ စိုးရိမ်မကင်းဖြစ်မှုကို ပြသနေတဲ့ လက္ခဏာ အဖြစ် ရုရှားနိုင်ငံရဲ့ တစိတ်တပိုင်းဖြစ်လာစေရေး သူတို့ ဒေသမှာ လူထုဆန္ဒခံယူပွဲ အဆောတလျင် ကျင်းပရေး ဒွန်ဘတ်စ် အစိုးရ ခေါင်းဆောင် က တောင်းဆိုလိုက်ပါတယ်။

“ ကျူးကျော်သူတွေ က တုန်လှုပ်နေတာ ရှင်းနေပါတယ်။”လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး က သူ့ရဲ့ညစဉ် မိန့်ခွန်းမှာ ပြောကြားပြီး သူ့အနေနဲ့ အခုအချိန်မှာ လွတ်မြောက်လာတဲ့ နယ်မြေတွေမှာ တပ်တွေရွေ့လျားမှုနဲ့ ပုံမှန်အနေအထား ပြန်ဖြစ်ရေး အရှိန်အဟုန်တွေ ရရှိဖို့ အာရုံစိုက်နေကြောင်း ပြောပါတယ်။

ကုလသမဂ္ဂကို ပြောတဲ့ မိန့်ခွန်းမှာ လက်နက်တွေနဲ့ အကူအညီတွေ ထပ်ပြီး ပံ့ပိုးပေးကြဖို့ ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုသွားမယ်လို့လည်း ဇီလန်စကီး က အရိပ်အမြွက်ပြောကြားပါတယ်။ “ ကာကွယ်ရေး ၊ ဘဏ္ဏာရေး ၊ စီးပွားရေး နဲ့ သံတမန်ရေး အဆင့် အားလုံးမှာ ယူကရိန်း ရဲ့ လိုအပ်ချက်တွေ အကုန်လုံးကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ အားလုံးလုပ်ဆောင်နေပါတယ်။”လို့ ယူကရိန်း သမ္မတ က ပြောကြားပါတယ်။

အခုအချိန်မှာ ရုရှား တပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှု အောက်ရောက်နေတဲ့ လူဟန့်စ် ပြည်နယ်ရဲ့ ယူကရိန်းအုပ်ချုပ်ရေးမှူး ဆာဟီ ဂိုင်ဒိုင်ကတော့ ယူကရိန်း တပ်ဖွဲ့တွေက လူဟန့်စ်ပြည်နယ် က ဘီလိုဟိုရစ်ကာ ကျေးရွာကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကာ ပြည်နယ်တစ်ခုလုံးကို ပြန်လည် ရယူဖို့ ပြင်ဆင်နေကြတယ်လို့ တယ်လီဂရမ်ပေါ်မှာ ပြောကြားခဲ့ပါတယ်။

_Ref:Reuters/ec