တရုတ်(တိုင်ပေ)တွင် ပြင်းအားမဂ္ဂနီကျု၆ဒသမ၈အဆင့်ရှိ ငလျင်လှုပ်

တရုတ်(တိုင်ပေ)အရှေ့တောင်ပိုင်းက လူနေကျဲပါးတဲ့နေရာမှာ စက်တင်ဘာ(၁၈)ရက်က ပြင်းအားမဂ္ဂနီကျု ၆ဒသမ၈အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ တရုတ်(တိုင်ပေ) မိုးလေဝသဗျူရိုရဲ့ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီငလျင်ကြောင့် ရထားတွဲတချို့လမ်းချော်ပြီး စတိုးဆိုင်တစ်ဆိုင်ပြိုကျကာ တောင်တစ်လုံးပေါ်မှာလည်း လူတွေပိတ်မိနေတယ်လို့ ဆိုပါတယ်။

ငလျင်ရဲ့ ဗဟိုချက်က တိုင်တောင်ခရိုင်မှာရှိပြီး စနေနေ့ညနေက အဲ့ဒီဒေသမှာပဲလှုပ်ခတ်ခဲ့တဲ့ ပြင်းအားမဂ္ဂနီကျု ၆ဒသမ၄အဆင့်ရှိတဲ့ ငလျင်ရဲ့ နောက်ဆက်တွဲငလျင်အဖြစ် လှုပ်ခတ်ခဲ့တာဖြစ်သလို လူအသေအပျောက်မရှိခဲ့ဘူးလို့ မိုးလေဝသဗျူရိုက ပြောပါတယ်။

အမေရိကန် ဘူမိဗေဒလေ့လာရေးရဲ့ တိုင်းထွာချက်အရတော့ အခုလှုပ်တဲ့ ငလျင်က ပြင်းအားမဂ္ဂနီကျု ၇ဒသမ၂ရှိပြီး အနက် ၁၀ကီလိုမီတာရှိတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် တိုင်တောင်ခရိုင်၊ ယုလီမြို့က ပြိုကျခဲ့တဲ့ စတိုးဆိုင်၂ဆိုင်မှာ ပိတ်မိနေတဲ့ လူ၂ယောက်ကို ကယ်ထုတ်နိုင်ခဲ့သလို တံတားပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ကားထဲက လူ၃ယောက်ကိုလည်း ကယ်ထုတ်ပြီး ဆေးရုံပို့ထားတယ်လို့ တရုတ်(တိုင်ပေ)မီးသတ်ဌာနက ပြောပါတယ်။

ဒါ့အပြင် တိုင်ပေအရှေ့ပိုင်းက တုန်းလီဘူတာရုံမှာ ရထား၃စင်း လမ်းချော်ခဲ့ပြီး တစ်ယောက်ဒဏ်ရာရခဲ့သလို ခရီးသည်တွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း တိုင်ပေမီးရထားအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

လမ်းအပျက်အစီးတွေကြောင့် ချီကီ ရှုခင်းသာစခန်းတောင်ပေါ်မှာလည်း လူပေါင်း၆၈ယောက်ဝန်းကျင် ပိတ်မိနေပြီး တစ်ယောက်မှတော့ဒဏ်ရာမရဘူးလို့ ဆိုပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီနဲ့ အမေရိကန်ပစိဖိတ်ဆူနာမီသတိပေးဌာနတို့က ငလျင်လှုပ်ခတ်ပြီး မကြာမီ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ လှိုင်းကြီးမယ့် အန္တရာယ်မရှိတော့ဘူးလို့လည်း ထပ်မံထုတ်ပြန်ထားတာပါ။

ငလျင်လှုပ်ခတ်မှုကို တရုတ်(တိုင်ပေ)တစ်ဝှမ်းလုံး ခံစားခဲ့ရပြီး တိုင်ပေစီးတီးက အဆောက်အဦတွေလည်း လှုပ်ရမ်းခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ TSMCကတော့ ဒီငလျင်နဲ့ပတ်သက်ပြီး လုပ်ငန်းမှာ သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရှိမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။