အခွန်ဥပဒေကြမ်း ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုချက်များကို ဂျော်ဒန်ဝန်ကြီးချုပ်ပယ်ချ

ငါးနှစ်တာအတွင်း အကြီးမားဆုံး ဆန္ဒပြမှုများဖြစ်ပေါ်စေသည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထောက်ခံသော အခွန်ဥပဒေပြုပြင်ပြောင်းလဲမှု ရုပ်သိမ်းရန် ဂျော်ဒန်ဝန်ကြီးချုပ် ဟာနီမာလ်ကီက ငြင်းဆိုခဲ့ပြီး ယင်းဥပဒေကံကြမ္မာကို ဆုံးဖြတ်ရေးသည် ပါလီမန်၏ ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

အခွန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ထောင်နှင့်ချီသော ဆန္ဒပြသူများသည် တတိယမြောက် ညအဖြစ် ဇွန်လ ၂ ရက်က အစိုးရ ဝန်ကြီးအဖွဲ့ရုံးအနီးတွင် ဆန္ဒပြခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ခဲ့ကာ ဟာနီမာလ်ကီကို ရာထူးမှ ထုတ်ပယ်ပေးရန် ဘုရင်အဗ္ဗဒူလာထံ တောင်းဆိုခဲ့သည်။

နိုင်ငံမြောက်ပိုင်း ရမ်သာမြို့ နှင့် နိုင်ငံတောင်ပိုင်း မန်းမြို့ကဲ့သို့ အခြားမြို့များတွင်လည်း ရာနှင့်ချီသော လူများက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း တက်ကြွလှုပ် ရှားသူများက ပြောသည်။

‘‘ဥပဒေကြမ်းကို ပါလီမန်ပို့တာက ပါလီမန်က ဒါကို သဘောတူလိမ့်မယ်လို့ မဆိုလိုပါဘူး။ ပါလီမန်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့်ရှိပါတယ်’’ဟု ကုန်သွယ်ရေးသမဂ္ဂ ခေါင်းဆောင်များ၊ ဥပဒေအမတ်များနှင့် တွေ့ဆုံပြီး နောက် မာလ်ကီကပြောသည်။

IMF က အကြံပြုထောက်ခံသည့် ကျယ်ပြန့်သော ခြိုးခြံချွေတာရေး ဆောင်ရွက်ချက်များ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည့် ယင်း ဥပဒေကြမ်းသည် လူနေမှုအဆင့် အတန်းကျဆင်းနေမှုကို ပိုမိုဆိုးရွားစေမည်ဟု သမဂ္ဂများက ပြော သည်။

ပြည်တွင်းအသားတင်ကုန် ထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းနှင့် ညီမျှသော တိုင်းပြည်အကြွေး ကန်ဒေါ်လာ ၃၇ ဘီလီယံကို လျှော့ချရန် ရည်ရွယ်သည့် သုံးနှစ်တာအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ယခုနှစ်အစောပိုင်းက ဂျော်ဒန်သည် အထွေထွေရောင်းကုန်အခွန်ကို တိုးမြှင့်ခဲ့ပြီး စားနပ်ရိက္ခာအပေါ် ထောက်ပံ့ကြေးပေးအပ်မှုများ ရုပ်သိမ်းခဲ့သည်။

ယခုဥပဒေကြမ်းက ဆင်းရဲသူများကို နစ်နာစေမည်ဟု ဝေဖန်သူများက ပြောကြားခဲ့ပြီး နိုင်ငံရေးသမားများသည် ပြည်သူ့ရန်ပုံငွေများကို ဖြုန်းတီးနေကာ အကျင့်ပျက်ခြစားမှုကျူးလွန်နေကြောင်း စွပ်စွဲခဲ့သည်။  

—Ref: Reuters