ရေနံကုမ္ပဏီများအား စျေးလျှော့ရောင်းရန် ဘိုင်ဒင်တောင်းဆိုမှု Amazon ကုမ္ပဏီပိုင်ရှင် ပြင်းပြင်းထန်ထန်ဝေဖန်

ပြည်တွင်းလောင်စာဆီစျေးမြင့်တက်မှုနှင့်ပတ်သက်၍ ရေနံကုမ္ပဏီများက စျေးလျှော့ရောင်းကြရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏  တောင်းဆိုမှုအပေါ် Amazon ကုမ္ပဏီပိုင်ရှင်နှင့် တည်ထောင်သူ ဘီလျံနာ Jeff Bezos က ပြင်းထန်စွာဝေဖန်လိုက်သည်။

“ခုချိန်ဟာ စစ်ဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် ကမ္ဘာလုံးဆိုင်ရာအခက်အခဲလဲဖြစ်နေပါတယ်။ ဒါကြောင့် ဆီဆိုင်တွေ ဖွင့်ကြဖို့နဲ့ စျေးကိုပြန်ညှိကြဖို့ ကျွန်တော်က ရေနံကုမ္ပဏီတွေကိုတောင်းဆိုတဲ့ မက်ဆေ့ချ်က ရှင်းပါတယ်”ဟု ဘိုင်ဒင်က သူ၏ တွစ်တာတွင်ရေးသားခဲ့သည်။

ဘိုင်ဒင်၏ ယူဆချက်များသည် စျေးကွက်၏ အခြေခံဒိုင်းနမစ်များကို နက်နဲစွာနားလည်မှုလွဲမှားခြင်းနှင့် ဦးတည်ချက်လွဲမှားခြင်းများဖြစ်နေကြောင်း Jeff Bezos ကပြောသည်။

“ငွေကြေးဖောင်းပွမှုက အရေးကြီးနေချိန်မှာ ဒီလိုကြေညာချက်တွေကိုပဲ အိမ်ဖြူတော်က ထုတ်နေတော့မှာလား”ဟု လည်း Jeff Bezos က ပြောသည်။

ဆီဆိုင်များရှိ လောင်စာဆီစျေးနှုန်းများသည် အမေရိကန်ပြည်ထောင်စုတွင် အရာရာစျေးနှုန်းမြင့်တက်မှု၏ သရုပ်သင်္ကေတတစ်ခုဖြစ်လာပြီး။ ယင်းတို့သည် နိုဝင်ဘာ လွှတ်တော် ရွေးကောက်ပွဲများမတိုင်မီ ဘိုင်ဒင်အား ထောက်ခံမှုကို လျော့နည်းသွားစေသည်။

ရေနံကုမ္ပဏီများသည် အမြတ်အစွန်းအပေါ်တွင်သာ အာရုံစိုက်ပြီး အခြေခံပြည်သူတို့အတွက် သက်သာမှုကို မပေးကြောင်း ဘိုင်ဒင်က အစဉ်တစိုက်ပြောဆိုခဲ့သည်။

ရေနံကုမ္ပဏီများသည် စျေးနှုန်းများကို ထိန်းညှိရန် ထုတ်လုပ်မှုကို တိုးမြှင့်ထားသည်ဆိုသော်လည်းကမ္ဘာ့စျေးကွက်၏ လောင်စာဆီထိန်းချုပ်မှု  အရှိန်အဟုန်အောက်မှ ရှောင်လွှဲ၍မရနိုင်ဖြစ်နေပြီး၊ ယင်းတို့ကို အမေရိကန်ရေနံလုပ်ငန်း ရှင်ကြီးများက လည်း ထိန်းချုပ်ကိုင်တွယ်၍မရသောအခြေအနေတွင်ရှိသည်။

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် အနောက်နိုင်ငံများအပေါ် ရုရှားက ရေနံနှင့် သဘာဝဓာတ်ငွေ့ပေးပို့ရောင်းချမှုကို ထိန်းချုပ်လိုက်ရာတွင် ယင်းဂယက်သည်  အမေရိကန်သို့လည်း ရိုက်ခတ်ခဲ့သည်။

အမေရိကန်တွင် ဓာတ်ဆီစျေးသည် ဇွန်လအစောပိုင်းကတည်းကပင်လျှင် တစ်ဂါလန်လျှင် ၅ဒေါ်လာအထက်တွင် ရှိခဲ့ပြီး မော်တော်ကားရူးသွပ်သောနိုင်ငံ၌ မကြုံစဖူးဖြစ်ခဲ့သည်။ ကြားထဲတွင် စျေးနှုန်းမဆိုစလောက် ကျဆင်းခဲ့သော်လည်း ယမန်နှစ်က စျေးနှုန်းဖြစ်သည့် တစ်ဂါလန်လျှင် ၃ ဒေါ်လာနှင့် လွန်စွာဝေးနေဆဲပင်ဖြစ်သည်။

Ref: Bezos slams Biden appeal for lower gasoline prices