အိန္ဒိယတွင် ၂ နှစ်အတွင်း ဘီလီယံ ၁၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံမည်ဟု ဆော်ဒီမင်းသား ပြော

အိန္ဒိယနိုင်ငံမှာ လာမယ့် ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းတွေ မြင်ထားတယ်လို့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား မိုဟမ်မဒ် ဘင်ဆယ်လ်မန်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

သူဟာ အိန္ဒိယ နဲ့ ပါကစ္စတန် ၂ နိုင်ငံကြား တင်းမာနေချိန်မှာ သူ့ရဲ့ ပထမဆုံး တရားဝင် အလည်အပတ်ခရီးကို စတင်ခဲ့တာပါ။

ပိုင်နက်အငြင်းပွား ကက်ရှ်မီးယား ဒေသအတွင်း စစ်သွေးကြွတိုက်ခိုက်မှုကြောင့် ပါကစ္စတန်နဲ့ ဆက်ဆံရေး တင်းမာနေလို့ သံတမန် အထောက်အပံ့ ရှာနေတဲ့ အိန္ဒိယအစိုးရက သူ့ကို ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ပါတယ်။

ဆော်ဒီအိမ်ရှေ့စံဟာ ဒီအပတ် အစောပိုင်းက ပါကစ္စတန်ကို အလည်အပတ် ခရီးစဉ်အတွင်း ပါကစ္စတန် စီးပွားရေးကို ကူညီဖို့ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ တန် နားလည်မှု စာချွန်လွှာတွေကို လက်မှတ် ရေးထိုးခဲ့ပါသေးတယ်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီနဲ့ ဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဆော်ဒီ အိမ်ရှေ့စံက အကြမ်းဖက်ဝါဒဟာ ဘုံစိုးရိမ်ချက် ဖြစ်ပြီး ဒီအရေးကို ဖြေရှင်းဖို့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို မျှဝေဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။

မိုဒီကလည်း ဆိုင်ဘာ လုံခြုံရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အားဖြည့်ဖို့ အိမ်ရှေ့စံနဲ့ သဘောတူတယ်လို့ ပြောပါတယ်။

ဆော်ဒီနဲ့ အိန္ဒိယတို့ဟာ ခရီးသွားလုပ်ငန်း အိုးအိမ်စီမံကိန်းတွေနဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေး နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဆော်ဒီ အိမ်ရှေ့စံဟာ အိန္ဒိယပြီးရင် တရုတ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ဆက်လက် လည်ပတ်မှာ ဖြစ်ပါတယ်။

by DVB