ဒဏ်ရာရရှိထားခြင်းကြောင့် ပွဲမထိုးသတ်နိုင်ဖြင်းအပေါ်ပရိသတ်များကို ထီရီယ်လ်ထန် တောင်းပန်

မြန်မာ MMA ကစားသမားဖြစ်သူ ချင်းတိုင်းရင်းသား ထီရယ်လ်ထန်က လတ်တလောတွင် ဒဏ်ရာရရှိထားခြင်း ကြောင့် ပွဲမထိုးသတ်နိုင်ခြင်းအတွက် ပရိသတ်များကို တောင်းပန်ကြောင်း သူ၏ Facebook လူမှု ကွန်ယက်စာမျက်နှာမှ တောင်းပန်စကား ပြောကြားခဲ့သည်။

ထီရယ်လ်ထန်က “ကျွန်တော့်ရဲ့ ပရိသတ်တွေကို တောင်းပန်စကား ပြောကြားလိုပါတယ်။ ဇူလိုင်လထဲမှာ ကျွန်တော်ထိုးသတ်မယ့် ပွဲတွေပါဝင်လာမှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် ဒဏ်ရာ ရရှိထားလို့ပါ။  ကျွန်တော် ထိုးသတ်ဖို့အတွက် ပွဲစဉ်ရေးဆွဲခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ သုံးကြိမ်စလုံး မအောင်မြင်ခဲ့ပါဘူး။ ဒီအတွက် ကျွန်တော်ကိုယ်တိုင်လည်း ဘာလုပ်ရမလဲ မသိဖြစ်နေပါတယ်။ ကျွန်တော့်ကို ပံ့ပိုးကူညီပေးနေတဲ့သူတွေရော ကျွန်တော့် ပရိသတ်တွေကိုရော အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

One Championship အဖွဲ့အစည်းသည် ထီရဲလ်ထန်၏ ပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက နောက်ဆုံးစီစဉ်ပေးခဲ့ကြောင်း သိရသည်။ ထီရယ်လ်ထန်သည် ယင်းပွဲတွင် ပြိုင်ဘက်ကစားသမားကို တားမြစ်ထားသည့်နေရာအား တိုက်ခိုက်မိသောကြောင့် ပွဲကို ရပ်နားခဲ့ရသည်။