ရေပန်းစားတဲ့အတိုင်း ၂၀၁၈ Ballon d’Or ဆုကို မိုဒရစ်ဆွတ်ခူးပြီး မက်ဆီနဲ့ စီရော်နယ်ဒို တို့ရဲ့လွှမ်းမိုးမှုကို အဆုံးသတ်လိုက်

၂၀၁၈ Ballon d’Or ဆုပေးပွဲအခမ်းအနားကို မနေ့ညက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့ရာမှာ အားလုံး မျှော်လင့်ထားတဲ့အတိုင်း ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင် မိုဒရစ်က ဆုရရှိ သွားခဲ့ပါတယ်။ အခုလိုသူဆုရလိုက်တာဟာ Ballon d’Or ဆုကို ၁၀ စုနှစ်တစ်ခုကြာတစ်လှည့်စီသိမ်းပိုက်ခဲ့ကြတဲ့ မက်ဆီနဲ့ စီရော်နယ်ဒို တို့ရဲ့လွှမ်းမိုးမှုကို အဆုံးသတ် လိုက်ခြင်းလည်း ဖြစ်ခဲ့ပါတယ်။

ဆုပေးပွဲကို ပဲရစ်မြို့က Grand Palais မှာခမ်းခမ်းနားနားပြုလုပ်ခဲ့ပြီး မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ဖိတ်ကြားခံခဲ့ရပေမယ့် နှစ်ဦးစလုံး တက်ရောက်လာခဲ့ခြင်းမရှိပါဘူး။ မဲရရှိမှုအရကြည့်ရင် စီရော်နယ်ဒိုဟာ ဒုတိယနေရာမှာရှိနေပြီး မက်ဆီကတော့ အဆင့် ၅ မှာသာရပ်တည်နေတာပါ။မိုဒရစ်ဟာ ၂၀၁၈ အတွင်းမှာ ကလပ်အတွက်ရော နိုင်ငံအတွက်ပါ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ရီးရဲလ်နဲ့ အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့သလို ခရိုအေးရှားကိုလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။သူဟာ ကမ္ဘ့ာဖလားမှာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ဆွတ်ခူးခဲ့သလို မကြာသေးခင်ကလည်း ဖီဖာရဲ့ The Best ဆုကိုရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး လူငယ်ကစား သမားဆုကို ရရှိခဲ့တဲ့ အမ်ဘတ်ပီကတော့ ဒီနှစ်မှာပထမဆုံးပေးအပ်တဲ့ အကောင်းဆုံး လူငယ်ဆုဖြစ်တဲ့ Kopa Trophy ကို ရရှိသွားပါတယ်။ဒီဆုလိုဘဲ ဒီနှစ်မှာမှ စတင်ပေးအပ်တဲ့ အမျိုးသမီး Ballon d’Or ဆုကိုတော့ နော်ဝေနဲ့ လိုင်ယွန်တိုက်စစ်မှူး အဒါဟီဂါဘတ်က ဆွတ်ခူးသွားခဲ့ပါတယ်။

မဲအရေအတွက်အရ အဆင့်ရပ်တည်မှုအရ ထိပ်ဆုံး ၁၀ ဦးစာရင်းကတော့…

 

1 – Luka Modric (753 points)

2 – Cristiano Ronaldo (476)

3 – Antoine Griezmann (414)

4 – Kylian Mbappe (347)

5 – Lionel Messi (280)

6 – Mohamed Salah (188)

7 – Raphael Varane (121)

8 – Eden Hazard (119)

9 – Kevin De Bruyne (29)

10 – Harry Kane (25) တို့ဘဲဖြစ်ပါတယ်။

90Minutes