အစိုးရဝန်ထမ်းများ နေအိမ်မှပင် အလုပ်လုပ်ကြရန် သီရိလင်္ကာအစိုးရညွှန်ကြား

လောင်စာဆီရှားပါးပြတ်လပ်လာမှုကြောင့် အစိုးရဝန်ထမ်းများအနေဖြင့် မိမိတို့နေအိမ်များမှပင် သီတင်းနှစ်ပတ်ကြာ အလုပ်လုပ်ပေးကြရန် သီရိလင်္ကာအစိုးရက ဇွန် ၁၇ရက်တွင် ညွှန်ကြားထားကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး နောက်ဆက်တွဲအကျိုးဆက်အဖြစ် နိုင်ငံခြားအရန်ငွေ လက်ဝယ် ထားရှိနိုင်သည့် ပမာဏကျဆင်းခဲ့ရပြီး နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။

နိုင်ငံခြားအရန်ငွေ ပမာဏနည်းပါးမှုကြောင့် သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီများ တင်သွင်းရေးအတွက် ငွေပေးချေရန် ခက်ခဲလျက်ရှိပြီး လက်ရှိသိုလှောင်ထားနိုင်သော ဒီဇယ်နှင့် ဓာတ်ဆီပမာဏမှာလည်းရက်ပိုင်းအတွင်း ကုန်ခန်းတော့မည်ဖြစ်ကြောင်း သိရသည်။

လောင်စာဆီဖြည့်ဆည်းပေးနိုင်မှု အခက်အခဲများကြောင့် မရှိမဖြစ်မဟုတ်သော အစိုးရဝန်ထမ်းများအနေဖြင့် ဇွန် ၂၀ ရက်မှစ၍ သီတင်းနှစ်ပတ်ကြာ ရုံးမတက်ဘဲ နေအိမ်မှတစ်ဆင့်သာ အလုပ်လုပ်ကြရန် သီရိလင်္ကာပြည်ထဲရေး ဝန်ကြီးဌာနက ဇွန် ၁၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သီရိလင်္ကာနိုင်ငံ၌ အစိုးရဝန်ထမ်းတစ်သန်းမျှရှိရာ ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ အရေးကြီးသောဝန်ဆောင်မှု လုပ်ငန်းများ၌ တာဝန်ထမ်းဆောင်နေသူများမှာမူ အလုပ်ခွင်သို့ ဆက်လက်ဝင်ရောက်ရမည်ဖြစကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ကြေညာချက်၌ ဖော်ပြထားသည်။

ယခုသီတင်းပတ်အစောပိုင်းကလည်း သီရိလင်္ကာအစိုးရသည် လောင်စာဆီရှားပါးမှုပြဿနာကြောင့် အစိုးရဝန်ထမ်း များ၏ သီတင်းတစ်ပတ် အလုပ်ဆင်းရက်ကို တစ်ရက်လျှော့ချပေးခဲ့ပြီး အလုပ်ဆင်းရက်လေးရက်သာ သတ်မှတ်ပေးခဲ့သည်။

-Ref: Reuters