အမေရိကန်တွင် အသက်ငါးနှစ်အောက် ကလေးများ ကိုဗစ်ကာကွယ်ဆေးထိုးရန် အက်ဖ်ဒီအေခွင့်ပြု

အမေရိကန်တွင် အသက်ငါးနှစ်အောက် ကလေးငယ်များကို ကိုဗစ်(၁၉) ကာကွယ်ဆေးထိုးနှံရန်နှင့် ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ)က ဇွန် ၁၇ ရက်တွင် ခွင့်ပြုလိုက်သည်။

မွေးကင်းစ ကလေးများ၊ အသက်ခြောက်လမှ လေးနှစ်အရွယ်များအတွက် ဖိုင်ဇာကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်နှင့် အသက်ခြောက်လမှ (၁၇) နှစ်ကြားအရွယ်များအတွက် မိုဒါးနားကာကွယ်ဆေး ထိုးနှံခြင်းကို အက်ဖ်ဒီအေက ခွင့်ပြုလိုက်သည်။

လက်ရှိတွင် အမေရိကန်၌ ကိုဗစ်(၁၉) ကာကွယ်ဆေးထိုးရန် အနိမ့်ဆုံးအသက်မှာ ငါးနှစ်ဖြစ်သည်။ ကာကွယ်ဆေး တစ်ခုချင်းစီ၏ သက်ရောက်မှုများနှင့်ပတ်သက်၍ ကျွမ်းကျင်သူအဖွဲ့က ထောက်ခံလိုက်ပြီးနောက် ယခုကဲ့သို့ ခွင့်ပြုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖိုင်ဇာ ကာကွယ်ဆေးထိုးနှံသော ကလေးငယ်များသည် လူကြီးများတွင် ထိုးနှံသည့် ပမာဏထက် ၁၀ ပုံတစ်ပုံ ပါဝင်သောဆေး သုံးကြိမ်ထိုးနှံရမည်ဖြစ်သည်။ အသက်ခြောက်လမှ ငါးနှစ်အထိ အရွယ်များတွင် မိုဒါးနား ကာကွယ်ဆေး ထိုးနှံပါက အရွယ်ရောက်ပြီးသူများကို ထိုးနှံသည့်ပမာဏ၏ လေးပုံ တစ်ပုံ နှစ်ကြိမ် ထိုးနှံရမည်ဖြစ်သည်။

အသက်ခြောက်နှစ်မှ (၁၁) နှစ်အရွယ်များအတွက် အရွယ်ရောက်ပြီးသူများကို ထိုးနှံသည့်ဆေးပမာဏ၏ထက်ဝက်၊ (၁၂) နှစ်မှ (၁၇) နှစ်အရွယ်များတွင်မူ အရွယ်ရောက်ပြီးသူများကို ထိုးနှံသည့်ဆေးပမာဏအတိုင်း ထိုးနှံရမည် ဖြစ်ကြောင်း သိရသည်။