ရုရှားနိုင်ငံခြားရေးဝန်ကြီး အီဂျစ်နိုင်ငံရောက်နေ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အီဂျစ်တာဝန်ရှိသူတွေနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ဗ်ရော့ဗ်တို့ ဆွေးနွေးမှုတွေ စတင်နေပါတယ်။ ဒါဟာ ယူကရိန်းကို ကျူးကျော်မှုနဲ့ ဆက်စပ်ပြီး အနောက်အုပ်စုရဲ့ ဒဏ်ခတ် အရေးယူမှု နဲ့ သံတမန်ရေးအရ ဝိုင်းပယ်မှုကနေ ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ရုရှားအနေနဲ့  အီဂျစ်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်လာတာလည်းဖြစ်ပါတယ်။ မစ္စတာ လပ်ရော့ဗ်ဟာ ကိုင်ရိုမြို့ သမ္မတနန်းတော်မှာ အီဂျစ် သမ္မတ အယ်လ်စီစီနဲ့ တွေ့ဆုံခဲ့သလို အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမဲရှုကရီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် သတင်းစာရှင်းလင်းပွဲ ပူးတွဲလုပ်ခဲ့ကြပြီး မစ္စတာ ရှုကရီက ယူကရိန်းအရေးကို နိုင်ငံရေး ၊ သံတမန်ရေး ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ လပ်ရော့ဗ်ကတော့ ယူကရိန်းကို အစောပိုင်းကလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကနေ  ထွက်သွားတာနဲ့ပတ်သက်ပြီး ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ရုရှားနိင်ငံခြားရေးဝန်ကြီး လပ်ရော့ဗ်ဟာ အာဖရိကနိုင်ငံတွေဖြစ်တဲ့ အီသီယိုးပီးယား ၊ ကင်ညာ ၊ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတွေကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နဲ့လည်း တွေ့ဆုံပြီး အာရပ်အဖွဲ့ချုပ်နဲ့ ထိတွေ့မှုလုပ်ဖို့ ကြိုးစားဖို့ရှိနေတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။