အိန္ဒိယမှာ တောင်ပေါ်လူမျိုးစုနွယ်ဝင် အမျိုးသမီး ပထမဆုံး သမ္မတဖြစ်လာ

အိန္ဒိယနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ကျောင်းဆရာမကနေ နိုင်ငံရေးလောကထဲ ဝင်လာတဲ့ ပထမဆုံး တောင်ပေါ်လူမျိုးစုအနွယ်ဝင် အမျိုးသမီး Droupadi Murmu ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုပါတယ်။အိန္ဒိယမှာ သမ္မတရာထူးဟာ အာဏာထက် နိုင်ငံ့ခေါင်းဆောင်အဖြစ် ပွဲတက်သင်္ကေတ သဘောသာ ဆောင်ပေမဲ့လည်း Droupadi Murmu သမ္မတဖြစ်လာတာဟာ အိန္ဒိယမှာ အလေးထားမခံရတဲ့ တိုင်းရင်းသားလူမျိုးစု အသိုက်အဝန်း အတွက် အောင်မြင်မှု သင်္ကေတဖြစ်နေပါတယ်။

အိန္ဒိယမှာ ဆင်းရဲနွမ်းပါးသူတွေအတွက် အိပ်မက်မက်ရုံ သက်သက်မဟုတ်ဘဲ ဒီအိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်တယ်ဆိုတာ အခု သူ ရွေးကောက်တင်မြှောက်ခံရတာက သက်သေပြနေတာပါလို့ အသက် ၆၄ နှစ်အရွယ် သမ္မတ Droupadi Murmu က ဒီနေ့ အိန္ဒိယပါလီမန်မှာ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန် ပြောဆိုသွားတာပါ။ ရာစုနှစ်ပေါင်းများစွာ အခွင့်အရေးတွေ ငြင်းပယ်ခံခဲ့ရတဲ့သူတွေအတွက် အကြီးအကျယ် ကျေနပ်ဝမ်းမြောက်စရာပါလို့လည်း ပြောဆိုသွားပါတယ်။

Droupadi Murmu ဟာ အိန္ဒိယနိုင်ငံသမိုင်းမှာ ဒုတိယမြောက် အမျိုးသမီးသမ္မတအဖြစ် ရွေးချယ်ခံရသူပါ။ Odisha ပြည်နယ် အရှေ့ပိုင်းရွာ တရွာက အကြီးအကဲ၊ အိန္ဒိယရဲ့ အကြီးဆုံးတောင်ပေါ်လူမျိုးစုဖြစ်တဲ့ Santhal လူမျိုးစုဝင် အမျိုးသမီး Droupadi Murmu ဟာ သူ့ရွာမှာ ကောလိပ်ကျောင်းတက်ခွင့်ရခဲ့တဲ့ ပထမဆုံး အမျိုသမီးလည်းဖြစ်သလို ရပ်ရွာ အရေးကိစ္စတွေမှာ တက်တက်ကြွကြွပါဝင်တာကြောင့် ထင်ရှားလာသူ ဖြစ်ပါတယ်။

လွှတ်တော် သက်တမ်း ၂ ဆက်မှာ အာဏာရ ဘီဂျေပီ ပါတီရဲ့အမတ် ဖြစ်လာခဲ့ပြီး မကြာမီက Jharkhand ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။အိန္ဒိယနိုင်ငံအတွက် အထူးသဖြင့် ဆင်းရဲပြီး အပစ်ပယ်ခံထားရတဲ့ အနှိမ်ခံတွေအတွက် အရေးပါတဲ့၊ ထူးခြားတဲ့ အပြောင်းအလဲဖြစ်တဲ့အကြောင်း Droupadi Murmu သမ္မတအဖြစ် တာဝန်ယူပြီးပြီးချင်းပဲ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။