APEC ထိပ်သီး စည်းဝေးချိန် ဘန်ကောက်မှာ ရဲနဲ့ ဆန္ဒပြသမားတွေ အဓိကရုဏ်းဖြစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ အာရှပစိဖိတ်ဒေသ စီးပွားရေးပူပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံ ကျင်းပရာ အဆောက်အဦ နဲ့ မလှမ်းမကမ်းနေရာမှာ ဒီမိုကရေစီလိုလားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ကြာသပတေးနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

ထိုင်း ဝန်ကြီးချုပ် Prayuth Chan Ochar နုတ်ထွက်ဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြသူတွေကို စုဝေးနိုင်ခြင်း မရှိအောင် ရဲ နဲ့ စစ်သားတွေ ပါဝင်ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဘန်ကောက်မြို့တော်အနှံ့ ဖြန့်ကျက်ချထားပါတယ်။

ကြာသပတေးနေ့ က APEC ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တရုတ် သမ္မတ Xi Jinping ရောက်ရှိခါနီး နာရီပိုင်းက လမ်းဆုံတခုမှာ ဆန္ဒပြလူအုပ်ကြီးကို အဓိကရုဏ်း နိုမ်နင်းရေးတပ်ဖွဲ့ဝင်တွေက နောက်ပြန် လှည့်သွားအောင် တွန်းထုတ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေထဲက တဦးက အခု APEC ထိပ်သီး ညီလာခံဟာ လိမ်လည်ထားတာဖြစ်တဲ့အတွက် တက်ရောက်လာကြတဲ့ ခေါင်းဆောင်တွေအနေနဲ့ အိမ်ရှင်ထိုင်းအစိုးရ လုပ်ရပ်အပေါ် အလေးမထားဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါအပြင် ဒါဟာ စစ်အာဏာသိမ်းအစိုးရ ကို တရားဝင်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဆန္ဒပြသူတွေက အဓိကရုဏ် နိုမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဒိုင်းအကာတွေကို ဆေးတွေဖြန်းသလို သူတို့ရဲ့ လက်ကိုင်ဆိုင်းဘုတ်တွေမှာလည်း ဝန်ကြီးချုပ်ထွက်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ နဲ့ ဘုရင်စနစ်ကို ဝေဖန်ရင် ထောင်ဒဏ် ၁၅ နှစ်ဆိုတဲ့ ဥပဒေကို ပြုပြင်ပြောင်းလည်းဖို့ တောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်တဲ့ ASEAN ထိပ်သီးဆွေးနွေးပွဲကနေ ပြန်လာတဲ့ ထိုင်းဝန်ကြီးချုပ် Prayuth ကတော့ ကျနော်တို့ရဲ့ လှပတဲ့ ထိုင်းနိုင်ငံတော် ပုံရိပ်ကို မဖျက်ဆီးကြပါနဲ့၊ ခင်ဗျားတို့ အနေနဲ့ လုံခြုံရေးတွေရဲ့ တာဝန်တွေကို ကိုယ်ချင်းစာကြပါ လို့ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းစစ်တပ် စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Prayuth Chan Ocha ဟာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က စစ်အာဏာသိမ်းပြီး နောက် အခြေခံဥပဒေသစ်ကို ရေးဆွဲကာ ဝန်ကြီးချုပ်အဖြစ် ကြေညာကာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။ -Ref:VOA