PUBG ကစားခွင့် မပေးလို့ မိခင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ ဆယ်ကျော်သက် လူငယ်

အိန္ဒိယက ဆယ်ကျော်သက် လူငယ် ၁ ယောက်ဟာ PUBG ကစားခွင့် မပေးတဲ့ မိခင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် လူငယ်ဟာ သူ့ ဖခင်ရဲ့ ပစ်စတို သေနတ်နဲ့ မိခင်ကို ပစ်သတ်ခဲ့တာ ဖြစ်ပြီး အလောင်းကို ၃ ရက်ကြာ နေအိမ်မှာ ဖွက်ထားခဲ့ပါတယ်။ သူ့ကို ရဲတွေက ခေါ်ယူ စစ်ဆေးပြီးနောက်မှာ သူက ပြစ်မှုကို ဝန်ခံခဲ့ပါတယ်။

အခု ဖြစ်ရပ်ဟာ အူတာပရာဒက်ရှ်က လပ်နောင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူငယ်ဟာ မိခင်နဲ့ စကားများပြီးနောက်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ သူနဲ့ မိခင်ဟာ PUBG ကစားတာနဲ့ ပတ်သက်ပြီး စကားများခဲ့ကြတာပါ။ ရဲတွေဟာ ဒီ ဖြစ်ရပ်ဟာ ဇွန်လ ၅ ရက်နေ့ နံနက် ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူငယ်ရဲ့ ဂိမ်းကစားတဲ့ Device ကို စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အခု ဖြစ်ရပ်ဟာ အိမ်မှာ ပိုက်ဆံတွေ ပျောက်နေတာနဲ့လည်း ပတ်သက်နေပါတယ်။ မိခင်က လူငယ်ကို ပိုက်ဆံတွေ ခိုးတယ်လို့ စွပ်စွဲခဲ့ပြီး PUBG ဂိမ်း ကစားတာကို ရပ်နားဖို့ ပြောခဲ့ပါတယ်။ အခုတော့ လူငယ်ကို ရဲတွေက ထိန်းသိမ်းထားပြီး ဆက်လက် စစ်ဆေးနေပါတယ်။