ထိုင်းလိဂ်ကလပ် ချောင်ဘူရီနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ စည်သူအောင်

ရတနာပုံအသင်းကနေ ထိုင်းလိဂ်ကလပ် ချောင်ဘူရီအသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ မြန်မာ့လက်ရွေးစင်ကစားသမား စည်သူအောင်ဟာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ရတနာပုံအသင်းနဲ့ ပြန်လည် ပူးပေါင်းခဲ့ပြီလို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ စည်သူအောင်ကတော့ ချောင်ဘူရီအတွက် (၁၁)ပွဲ ကစားပေးခဲ့ပြီး (၂)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ စာချုပ်ဖျက်သိမ်းရတဲ့ အကြောင်းရင်းကို မသိရသေးသလို ဒီသတင်းကို နှစ်ဖက်အသင်းက တရားဝင်ထုတ်ပြန်ကြေညာခြင်းတော့ မရှိသေးတာကိုလည်း တွေ့ရပါတယ်။

စည်သူအောင်ဟာ ထိုင်းလိဂ်ကလပ်မှာ ပုံမှန်ကစားခွင့်ရရှိဖို့ ကြိုးစားခဲ့ရသူဖြစ်ပေမယ့် မြန်မာ့လက်ရွေးစင် နည်းပြသစ် ရာဒူလိုဗစ်ရဲ့ ရွေးချယ်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။ စည်သူအောင်အနေနဲ့ ရတနာပုံကို ပြန်လည် ရောက်ရှိခဲ့ပေမယ့်လည်း မြန်မာနေရှင်လိဂ်ပွဲစဉ်တွေကို အသင်းနဲ့အတူ ကစားပေးနိုင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ လက်ကျန်မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် ရတနာပုံအသင်းရဲ့ ကစားသမားစာရင်းမှာ မပါဝင်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒီအတွက် အသင်းမှာ လေ့ကျင့်ခန်းဆင်းပြီး ကစားခွင့်ရမယ့် လာမယ့် ရာသီမှသာ ရတနာပုံအတွက် ပြန်လည်ကစားပေးနိုင်ဖို့ စောင့်ဆိုင်းရတော့မှာလည်း ဖြစ်ပါတယ်။ စည်သူအောင် မတိုင်ခင်မှာ ရတနာပုံကစားသမားတစ်ဦးဖြစ်တဲ့ သိန်းသန်းဝင်းဟာလည်း ထိုင်းကလပ် ရစ်ချာဘူရီကို အငှားနဲ့ သွားရောက်ကစားခဲ့ရာကနေ ပြန်လည်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ စည်သူအောင်က ဒီနှစ်ရာသီအတွက် ထိုင်းလိဂ်ကနေ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး ရတနာပုံကစားသမား နှစ်ဦးစလုံးက ရာသီမကုန်ခင်မှာပဲ ထိုင်းကလပ်တွေနဲ့ လမ်းခွဲခဲ့ရတာလည်း ဖြစ်ပါတယ်။