မက်ဆီကိုကျော်ဖြတ်ပြီး နိုင်ငံအသင်းဂိုးအများဆုံးသွင်းသူဖြစ်လာတဲ့ အိန္ဒိယတိုက်စစ်မှူး ချက်ထရီ

၂၀၁၉ အာရှဖလားပွဲအဖြစ် မနေ့က,ကစားခဲ့တဲ့ အိန္ဒိယအသင်းက ထိုင်းအသင်းကို ၄-၁ နဲ့ နိုင်တဲ့ပွဲမှာအနိုင်ဂိုး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ အိန္ဒိယတိုက်စစ်မှူးဆူနယ်လ်ချက်ထရီဟာ နိုင်ငံလက်ရွေးစင်အသင်း ဂိုးအများဆုံးစာရင်းမှာ မက်ဆီ ကို ကျော်ဖြတ်ပြီး ဒုတိယဂိုးသွင်းအများဆုံးသူဖြစ်လာခဲ့ပါတယ်။

အဲ့ပွဲမှာချက်ထရီဟာ ပွဲချိန် ၂၇ မိနစ်မှာ ပင်နယ်တီဂိုးနဲ့ ပွဲချိန် ၄၆ မိနစ်မှာ ညာတောင်ပံက ချိုးပေးလိုက်တဲ့ ဘောလုံးကို ဧရိယာထဲပြေးဝင်ပြီး လှလှပပပိတ်သွင်းကာ ဒုတိယဂိုး သွင်းယူနိုင်ခဲ့တာမို့ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၀၅ ပွဲမှာ ၆၇ ဂိုး သွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အာဂျင်တီးနားအသင်းအတွက် ၁၂၈ ပွဲမှာ ၆၅ ဂိုးသွင်းယူထားတဲ့ မက်ဆီရဲ့ ဂိုးသွင်းစံချိန်ကို ၂ ဂိုး အသာနဲ့ကျာ်ဖြတ်နိုင်ခဲ့ပြီး၊ နိုင်ငံအသင်းဂိုးအများဆုံး သွင်းသူ စာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာဖလားပွဲအပြီးမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကနေအနားယူခဲ့တဲ့ မက်ဆီဟာ လာမယ့် ကိုပါဖလား ပွဲမှာနိုင်ငံအသင်းအတွက် ပြန်ကစားဖို့ စဉ်းစားနေတယ်လို့ ပြောထားပေမယ့် မသေချာတဲ့ အခြေအနေမို့၊ လက်ရှိအာရှဖလား ပြိုင်ပွဲဝင်အိန္ဒိယအသင်းအတွက်ကစားပေးနေပြီး ဂိုးထပ်ရနိုင်ဖို့မျှော်လင့်နိုင်တဲ့ ချက်ထရီရဲ့ စံချိန်ကိုပြန်ကျော်ဖြတ်နိုင်ဖို့ဆို တာ ဖြစ်နိုင်ဖို့ထက် မဖြစ်နိုင်ဖို့ကပိုများပါတယ်။

လက်ရှိနိုင်ငံအသင်းဂိုးအများဆုံးသွင်းသူစာရင်းမှာ ထိပ်ဆုံးကဦးဆောင်နေသူက ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို ဖြစ်ပြီး သူဟာနိုင်ငံအသင်းအတွက် ၁၅၄ ပွဲမှာ ၈၅ ဂိုးအထိ သွင်းယူပေး ထားနိုင်ခဲ့ပါတယ်။ အသက် ၃၄ နှစ် အရွယ်ရှိ အိန္ဒိယ လက်ရွေးစင်အသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူးချက်ထရီဟာ လိဂ်ပြိုင်ပွဲတွေမှာလည်း မတူညီတဲ့ ကလပ်သင်း ၁၁ သင်း မှာပွဲပေါင်း ၂၃၉ ပွဲကစားရာ ဂိုး ၁၂၂ ဂိုးအထိသွင်းထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ လကပဲ လက်ရှိကစားနေတဲ့ဘန်ဂယ်လ် လူရူအသင်းမှာကစားတဲ့ပွဲ ၁၅၀ပြည့်ခဲ့ဂုဏ်ပြုဆု ရရှိခဲ့ပါသေးတယ်။

ဘောလုံးထက် ခရစ်ကတ်ကစားနည်းကို ပိုလူကြိုက်များရေပန်းစားတဲ့ နိုင်ငံတနိုင်ငံရဲ့လက်ရွေးစင်ဘောလုံးအသင်း တိုက်စစ်မှူး တယောက်ကခုလို အာရှတိုက်ကိုယ်စားပြုပြီး နိုင်ငံအသင်းအတွက်ဂိုးအများဆုံးသွင်းသူစာရင်းမှာ ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီကို ကျော်ဖြတ်ကာ ခုလိုဒုတိယဂိုးအများဆုံးသွင်းသူနေရာမှာ ရပ်တည်နိုင်မှုအတွက် အိန္ဒိယပရိသတ်တွေအပြင် အာရှကတခြားပရိသတ်တွေကပါ အံ့အားသင့်ဂုဏ်ယူနေကြပါတယ်။

90Minutes