အမေရိကန် ကာကွယ်ရေးဥပဒေမူကြမ်း အခြေခံဥပဒေနှင့် မညီကြောင်း ကြေညာရန် ဟွာဝေး အမှုဖွင့်

အမေရိကန် ကာကွယ်ရေး ဥပဒေမူကြမ်းဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ ကြေညာဖို့ တရုတ်နိုင်ငံအခြေစိုက် ဟွာဝေး နည်းပညာကုမ္ပဏီက အမေရိကန် တရားရုံးဆီမှာ အမှုဖွင့်လိုက်ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ဟွာဝေးက မေလ ၂၈ ရက်မှာ တရားစွဲလိုက်တာပါ။

ဒါဟာ ဟွာဝေး နည်းပညာကုမ္ပဏီကို ကမ္ဘာ့ဈေးကွက်တွေကနေ တွန်းထုတ်ဖို့ ခြိမ်းခြောက်နေတဲ့ အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်မှုကို တိုက်ဖျက်ဖို့ ဟွာဝေးရဲ့ နောက်ဆုံးအားထုတ်မှု ဖြစ်ပါတယ်။ ဟွာဝေး တရားရေး အရာရှိချုပ် စုန့်လျို့ဖျင်က “အမေရိကန် နိုင်ငံရေးသမားတွေဟာ ဆိုင်ဘာလုံခြုံရေးကို ဆင်ခြေအဖြစ်သုံးပြီး တခြားပန်းတိုင်ရဖို့ ပြည်သူ့ထောက်ခံမှုကို ရယူနေတယ်လို့ ယုံတယ်၊ ဒီလုပ်ရပ်တွေဟာ ကွန်ရက်တွေကို ပိုပြီး လုံခြုံစေမှာ မဟုတ်ဘူး၊ ဒါဟာ စိတ်လုံခြုံမှု အမှားတွေကိုသာ ပေးလိမ့်မယ်၊ ကျနော်တို့ ရင်ဆိုင်နေရတဲ့ တကယ့်စိန်ခေါ်မှုတွေကနေ အာရုံလွှဲနေတာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အမေရိကန် အောက်လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ကာကွယ်ရေးဥပဒေမူကြမ်း The NDAA bill ဟာ ပြည်ထောင်စုအစိုးရရုံးတွေနဲ့ ကန်ထရိုက်တာတွေက ဟွာဝေးထုတ်ကုန်တွေကို မသုံးဖို့ ကျယ်ကျယ်ပြန့်ပြန့် တားမြစ် ပိတ်ပင်ထားပါတယ်။ ဟွာဝေးနဲ့ တရုတ်အစိုးရ ပတ်သက်မှုကို ကိုးကားပြီး နိုင်ငံလုံခြုံရေး ရှုထောင့်အရ တားမြစ်ပိတ်ပင်ခဲ့တာပါ။ ဟွာဝေးကတော့ သူ့ကို တရုတ်အစိုးရ၊ စစ်တပ် ဒါမှမဟုတ် ထောက်လှမ်းရေးဌာနတို့က ထိန်းချုပ်ထားတယ်ဆိုတဲ့ အချက်ကို ထပ်ခါတလဲလဲ ငြင်းပါတယ်။

“ဟွာဝေးဟာ အမေရိကန် တရားရေးစနစ်ရဲ့ လွတ်လပ် ဂုဏ်သိက္ခာရှိမှုကို ယုံတယ်၊ အမျိုးသားကာကွယ်ရေး အခွင့်အာဏာ အက်ဥပဒေရဲ့ အမှားတွေကို တရားရုံးက ပြင်ပေးမယ်လို့ မျှော်လင့်တယ်၊ ဆိုင်ဘာလုံခြုံရေးဟာ ဟွာဝေးရဲ့ အမြဲတမ်း ထိပ်တန်းဦးစားပေးပါ” လို့ စုန့်လျို့ဖျင်က ဆက်ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး တယ်လီကွန် ပစ္စည်း ထုတ်လုပ်သူ ဟွာဝေးဟာ မေလ ၁၆ ရက်မှာတော့ ပိုကြီးတဲ့ ဒဏ်ခတ်မှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။ အမေရိကန် စီးပွားရေးဝန်ကြီးဌာနက ဟွာဝေးကိုသာမက ဟွာဝေးနဲ့ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်း ၇၀ ကိုပါ နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေး စစ်ပွဲအတွင်း ခုလို ဒဏ်ခတ်ခံရတာဖြစ်ပြီး အမေရိကန်က ဟွာဝေးကို ဒဏ်ခတ်မှုကနေ ရက် ၉၀ သက်သာခွင့် ပေးထားပါတယ်။ ဟွာဝေးကတော့ သူ့စီးပွားရေးကို အမေရိကန်က ကန့်သတ်ဖို့ ကြိုးစားတာကို ဆန့်ကျင်ပြီး သူ့ထုတ်ကုန်တွေက လုံခြုံရေး ခြိမ်းခြောက်မှုပဲဆိုတဲ့ စွဲချက်ကို ငြင်းခဲ့ပါတယ်။  (DVB)