ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်ဆွေးနွေး

 

ချောင်းဦး မေ ၆

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ပါတီရုံး ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက် အမှာစကားပြောကြား ခဲ့သည်။ ထို့နောက် အစီအစဉ်အရ တိုင်းဒေသကြီး ပါတီကော်မတီဝင် မုံရွာခရိုင် ပါတီတာဝန်ခံ ဒေါက်တာ ဝင်းမြင့်အောင်က ပါတီတွင်း စည်းလုံးညီညွတ်ရေး၊ ဖွဲ့စည်းမှု ကျစ်လျစ်ရေး ဆောင်ရွက်ရန် ပြောကြားပြီး ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်တိုးကလည်း ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

တက်ရောက်လာသော ရပ်ကွက်နှင့်ကျေးရွာ ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များကလည်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများနှင့် ပြည်ခိုင်ဖြိုးပါတီမှ လုပ်ဆောင်နေမှုများ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်က မြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီများ၏ ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ကြသည်။

အဆိုပါ အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် မုံရွာခရိုင်တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်၊ မုံရွာခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်နှင့် မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေး ရွာအုပ်စု (၃၂) အုပ်စုမှ ရပ်ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုစုပေါင်း အင်အား ၅၉ ဦး အစည်းအဝေး တက်ရောက်ကြသည်။  မောင်မောင်မြင့်(ချောင်းဦး)