နျူကလီးယားအရေးဆွေးနွေးမည့် မြောက်ကိုရီးယား ထိပ်တန်းအရာရှိများကို နေရာရွှေ့ပြောင်း

လောလောလတ်လတ် ဘက်ပြောင်းမှု၊ သူလျှိုမှုစွဲချက်တွေနဲ့ ဝါရင့် မြောက်ကိုရီးယား သံတမန်တချို့ဟာ ဒုတိယအကြိမ် နျူကလီးယားအရေး ဆွေးနွေးမယ့် လူစာရင်းထဲကနေ ဖယ်ထုတ်ခံလိုက်ရတယ်လို့ တောင်ကိုရီးယား အရာရှိတွေနဲ့ ပညာရှင်တွေက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ သူ့အဖေနဲ့ အဘိုးအတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ထိပ်တန်း သံတမန်နဲ့ အရာရှိအများအပြားကို နေရာရွှေ့ပြောင်းခဲ့ပြီး ပိုအသက်ငယ်တဲ့ အကြံပေးတွေနဲ့ အစားထိုးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

လာမယ့်သီတင်းပတ်မှာ ကင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာ ခုလို အရွှေ့အပြောင်း လုပ်ခဲ့တာပါ။

အသိသာဆုံး အပြောင်းအလဲတွေထဲမှာ လူသိနည်းတဲ့ ကင်ဟယုတ်ချွေးကို အမေရိကန် နျူကလီးယားရေးရာ သံတမန် စတီဖင် ဘေးဂန်းနဲ့ ဆွေးနွေးဖို့ ခန့်အပ်ခဲ့တာလည်း ပါပါတယ်။

မြောက်ကိုရီးယား နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေအပြီး ၂၀၁၇ ခုနှစ်က စပိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး အဖြစ်ကနေ နှင်ထုတ်ခံရတဲ့ ကင်ဟယုတ်ချွေးဟာ ကင်ဂျုံအန်း ဦးဆောင်တဲ့ နိုင်ငံခြားရေးရာ ကော်မရှင်မှာ အလုပ်လုပ်နေခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိတယောက်က ပြောပါတယ်။

သူဟာ ဇွန်လက စင်ကာပူမှာကျင်းပတဲ့ ထရမ့်နဲ့ ကင် ပထမညီလာခံမှာ ဦးဆောင်ညှိနှိုင်းသူ ဒုနိုင်ငံခြားရေး ဝန်ကြီး ချိုးဆန်းဟွေရဲ့ နေရာကို အစားထိုးဝင်လာသူလည်း ဖြစ်ပါတယ်။

by DVB