အမေရိကန် တောင်းဆို၍ ဂျပန်ဝန်ကြီးချုပ်က ဒေါ်နယ်ထရန့်ကို နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းပေးရန် အစိုးရက တောင်းဆိုပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့သည့် ဆောင်းဦးရာသီက အမည်စာရင်းတင်သွင်း ခဲ့ကြောင်း Asahi သတင်းစာက ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ စတင်ပြီး တင်းမာမှု ဖြေလျှော့အောင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ရှင်ဇိုအာဘေး က ၎င်းကို နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းခဲ့သည်ဟု ထရန့်က သောကြာနေ့တွင် ပြောကြား ပြီးနောက် ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းဂျပန်ခေါင်းဆောင်က စာမျက်နှာငါးမျက်နှာပါ အမည်စာရင်းတင်သွင်းစာ၏ အလှပဆုံး မိတ္တူကို ၎င်းထံ ပေးခဲ့ကြောင်း ထရန့်က အိမ်ဖြူတော်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

 မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနှင့် တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ တစ်ဦးကြား ပထမဆုံး တွေ့ဆုံခြင်းအဖြစ် ပြီးခဲ့သည့်နှစ် ဇွန်လက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ထရန့်၏ ထိပ်သီး ဆွေးနွေးပွဲပြီးနောက် နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းရန် အမေရိကန်အစိုးရက အာဘေးထံ တောင်းဆိုခဲ့သည်ဟု အမည်မဖော်လိုသော ဂျပန်အစိုးရသတင်းရင်းမြစ်ကို ကိုးကား၍ Asahi သတင်းစာက ဖော်ပြသည်။

ထရန့်၏ ပြောဆိုချက်များကို ၎င်းတို့ ဝန်ကြီးဌာနက သတိပြုမိသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောသော်လည်း ခေါင်းဆောင် နှစ်ဦးကြား အပြန်အလှန် ဆက်သွယ်မှုနှင့်ပတ်သက်၍ မှတ်ချက် မပေးလိုဟု ဆိုသည်။

အိမ်ဖြူတော်ကလည်း မှတ်ချက်ပြုခြင်း မရှိကြောင်း ရိုက်တာ သတင်းက ဖော်ပြသည်။

နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့ ဝက်ဘ်ဆိုက် ဖော်ပြချက်အရ လက်ရှိ နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် အမည်စာရင်း တင်သွင်းရန် သတ်မှတ်ချက်နှင့် ကိုက်ညီသူ မည်သူမဆို နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်း နိုင်ကြောင်း သိရသည်။

ယင်းအဖွဲ့၏ စည်းမျဉ်းများအရ ဆုမရသော အမည်စာရင်း တင်သွင်းခံရသူများ၏ အမည်နှင့် အခြားအချက်အလက်များကို နှစ် ၅၀ အထိ ထုတ်ဖော်ပြောကြား၍ မရပေ။

—Ref: Reuters