ထိုင်းရေတပ်က ခိုးဝင်ငါးဖမ်းသော ဗီယက်နမ်တံငါသည် ၂၉ ဦးကို ဖမ်းဆီး

Thai-Sea-worker

ဘန်ကောက်၊ ဇူလိုင် ၁၁

ထိုင်းပင်လယ်ကွေ့အတွင်း ခိုးဝင်ကာ ငါးဖမ်းသည့် ဗီယက်နမ်ရွက်သင်္ဘောသုံးစင်းမှ တံငါသည် ၂၉ ဦးကို ထိုင်းရေတပ်က ဇူလိုင် ၁၀ ရက်၌ ဖမ်းဆီးရမိသည်။

ထိုင်းရေတပ်သင်္ဘော HTMS Thai Muang ကင်းလှည့်စဉ် အထူးစီးပွားရေးဇုန် သဘာဝဓာတ်ငွေ့လုပ်ကွက် Muda A ၏ ရေမိုင် ၁၂ မိုင်ခန့်တွင် ဖမ်းဆီးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်ငါးဖမ်းသမားများအား ထိုင်းရေတပ်သင်္ဘောပေါ်သို့ ခေါ်တင်လာကာဆောင်ခလာရေတပ်အခြေစိုက်စခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ဗီယက်နမ်ရွက် သင်္ဘောများအား ဗီယက်နမ်ကပ္ပတိန်များကို ကိုယ်တိုင်မောင်းစေကာ ခေါ်ဆောင်လာခြင်းဖြစ်သည်။

နောက်ပိုင်း လှိုင်းရေထန်သည့်နေရာအရောက် ဗီယက်နမ်ရွက်သင်္ဘောနှစ်စင်း နစ်မြုပ်သော်လည်း ကပ္ပတိန်များကို ကယ်တင်လိုက်နိုင်ကြောင်း သိရသည်။

ထိုရွက်သင်္ဘောနှစ်စီးက အမြီးပိုင်း အင်ဂျင်နေရာတွင် အပေါက်ဖြစ်၍ နစ်မြုပ်ခြင်းဖြစ်မည်ဟု ယူဆထားသည်။

ကပ္ပတိန်များကို ရေတပ်တွင် စစ်မေးမှုအရ ဗီယက်နမ်ကာမောပြည်နယ်မှ လာခြင်းဖြစ်ပြီး ငါးဖမ်းရန် ထိုင်းရေပြင်အတွင်း ၀င်လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဖမ်းဆီးထားသည့် ဗီယက်နမ်ငါးဖမ်းသမားများအား ဥပဒေချိုးဖောက်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ရေတပ်က ပြောသည်။

(ဘန်ကောက်ပို့စ်)


Leave a Reply