အာလူးများကို ပြင်သစ်မှ ဟောင်ကောင်သို့ သင်္ဘောဖြင့် တင်ပို့စဉ် ကမ္ဘာစစ်ကျန် ဂျာမနီလက်ပစ်ဗုံးပါလာ

ဟောင်ကောင်ရှိ အာလူးကြော်စက်ရုံတစ်ခုသို့ ပြင် သစ်နိုင်ငံမှ သင်္ဘောဖြင့် တင်ပို့ သော အာလူးများကြားတွင် ပထမကမ္ဘာစစ်ကျန် ဂျာမနီလက်ပစ်ဗုံး တစ်လုံး တွေ့ရှိခဲ့ကြောင်း ဟောင် ကောင်ရဲတပ်ဖွဲ့က ပြောသည်။

ရွှံ့ရောင်သမ်းနေသော ယင်းဗုံးသည် နေရာအထိုင်ပျက်ခဲ့သဖြင့် မတည်ငြိမ်သော အခြေအနေတွင် ရှိခဲ့သော်လည်း စနက် တံပြုတ်ခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ယင်းဗုံးကို ဟောင်ကောင် အရှေ့ပိုင်းဒေသ ဆိုင်ကျွန်းခရိုင် ရှိ Calbee အာလူးကြော်စက်ရုံ၌ တွေ့ရှိခဲ့ပြီး မိုင်းရှင်းလင်းရေး တာဝန်ရှိသူများက အောင်မြင် ချောမွေ့စွာ စနက်တံဖြုတ်ပေးနိုင်ခဲ့သည်။

‘‘ဒီနေ့အထိ ရရှိတဲ့ သတင်းအချက်အလက်တွေအရ ဒီလက်ပစ်ဗုံးဟာ ပြင်သစ်ကနေ တင်ပို့လိုက်တဲ့ အာလူးတွေနဲ့ အတူ ရောပြီးပါလာတာပါ’’ဟု တာဝန် ရှိသူတစ်ဦးက သတင်းထောက်များအား ပြောသည်။

ရေကို ဖိအားသုံးဖျန်းသည့်  စနစ် အသုံးပြု၍ ယင်းလက်ပစ်ဗုံးကို စနက်တံဖြုတ်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

သင်္ဘောဖြင့် မတင်ပို့မီ ယင်း ဗုံးကို ပြင်သစ်နိုင်ငံရှိ အာလူးစိုက် ခင်းတစ်ခုတွင် အာလူးများနှင့်အတူ ရော၍ တူးမိခဲ့ဖွယ်ရှိကြောင်း ယူဆရသည်။

‘‘ပထမကမ္ဘာစစ်ပွဲအတွင်းက စစ်သားတွေဆီကနေ အဲဒီဗုံး ပြုတ်ကျနေတာ၊ ဒါမှမဟုတ် မပေါက်ကွဲဘဲ ကျန်နေတာ ဖြစ်လောက်တယ်’’ဟု စစ်သမိုင်းပညာရှင် ဒေ့ဗ်မက်ခရီက South China Morning Post သတင်းစာအား ပြောသည်။

 ပြီးခဲ့သည့် နှစ်ကလည်း ဟောင်ကောင်တွင် အချက်အချာ ဧရိယာတစ်ခုရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၌ ဖျက်အားပြင်း ဒုတိယကမ္ဘာစစ်ကျန် ဗုံးတစ်လုံးတွေ့ရှိခဲ့သဖြင့် လူပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့သည်။

—Ref: BBC