တရုတ်နဲ့ တည်ဆောက်မယ့် ရထားလမ်း စီမံကိန်း မလေးရှား ဖျက်သိမ်း

မလေးရှားနိုင်ငံသည် တရုတ် ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီနှင့် သဘောတူညီထားသည့် ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ အရှေ့ ကမ်းရိုးတန်းရထားလမ်း စီမံကိန်းကို ဖျက်သိမ်းမည်ဖြစ်ကြောင်း မလေးရှား စီးပွားရေးဝန်ကြီးက ဇန်နဝါရီ ၂၆ ရက်တွင် အတည်ပြု ပြောဆိုလိုက်သည်။

အခြေခံမူတစ်ခုချင်းစီအပေါ် အခြေခံပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များကို မလေးရှားနိုင်ငံက ကြိုဆိုမည်ဟု အာမခံချက်ပေးထားသော်လည်း အဆိုပါ စီမံကိန်း၏ ကုန်ကျစရိတ်မှာ အလွန်များ ပြားကြောင်း စီးပွားရေးဝန်ကြီး မိုဟာမက်အာဇာမင်အလီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ မီးရထားလမ်းစီမံကိန်း ကုန်ကျစရိတ်မှာ အလွန်ကြီးပြီး မိမိတို့ တွင် ယင်းသို့ကုန်ကျရန် ဘဏ္ဍာရေး အခြေအနေ မရှိသဖြင့် စီမံကိန်းဖျက်သိမ်းရန် အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စီမံကိန်းဖျက်သိမ်းခြင်းအတွက် လျော်ကြေးအဖြစ် တရုတ်ကုမ္ပဏီဘက်သို့ မည်မျှပေးမည်ဆိုသည်ကို မလေးရှား အစိုးရက စဉ်းစားနေဆဲဖြစ်ကြောင်း အဇာမင်က ပြောသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်၍ အတိုးသည်ပင်လျှင် နှစ်စဉ်ဒေါ်လာသန်း ၁၂၀ ကုန်ကျမည်ဖြစ်သည်။ အဆိုပါ ကုန်ကျစရိတ်ကို မတတ်နိုင်သဖြင့် တရုတ်နိုင်ငံနှင့် မိမိတို့ကောင်းမွန်သည့် ဆက်ဆံရေးကို မထိခိုက်စေဘဲ စီမံကိန်း အဆုံးသတ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

-Ref:Thestandardtime