တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီးရာထူးမှ ရပ်ဆိုင်းခံရ

အော့တဝါ ဇန်နဝါရီ ၂၇

ဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျို့အား လွှဲပြောင်းပေးခြင်း ကိစ္စရပ်နှင့်ပတ်သက်ပြီး အငြင်းပွားဖွယ် မှတ်ချက်ပြုခဲ့ခြင်းအပေါ် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရုဒေရူးက တရုတ်နိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး ဂျွန်မက်စ်ကော်လမ်အား တာဝန်မှရပ်ဆိုင်းခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

တရုတ်မီဒီယာများအား ပြန်လည်ပြောဆို

ဇန်နဝါရီ ၂၂ ရက်က တိုရန်တိုမြို့တွင် ကနေဒါသံအမတ်ကြီးက အမေရိကန်အစိုးရအဖွဲ့၏ တောင်းဆိုချက်အရ ဖမ်းဆီးထားသော မန်ဝမ်ကျို့နှင့် ပတ်သက်ပြီး လွန်ခဲ့သောလက သမ္မတဒေါ်နယ်ထရန့် ပြောကြားခဲ့သည့် မှတ်ချက်များကို တရုတ်မီဒီယာများအား ပြန်လည်ပြောဆိုခဲ့ခြင်းကြောင့် ကနေဒါဝန်ကြီးချုပ်က သံအမတ်ကြီးအား တာဝန်မှ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ကနေဒါသံအမတ်ကြီး မက်စ်ကော်လမ်က မန်ဝမ်ကျို့အား ဖမ်းဆီးခြင်း အပေါ် သမ္မတထရန့်၏ မှတ်ချက်ပြု စကားများသည် နိုင်ငံရေးအသွင်ဆောင်လျက် ရှိကြောင်းနှင့် မန်ဝမ်ကျို့အနေဖြင့် လွှဲပြောင်းခံရမည့် အခြေအနေ အပေါ် လျှောက်လဲချက်များ တောင်းခံနိုင်သည်ဟု တရုတ်မီဒီယာများသို့ ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်ဆံရေးတင်းမာမည်ကို စိုးရိမ်

ကနေဒါဝန်ကြီးချုပ်အနေဖြင့် ကနေဒါသံအမတ်ကြီးအား တာဝန်မှ ရပ်ဆိုင်းခဲ့ခြင်းအပေါ် မည်သည့်ခိုင်လုံသော အကြောင်းပြချက်မျှ ပြခဲ့ခြင်း မရှိသော်လည်း ကနေဒါမီဒီယာက ကနေဒါအစိုးရသည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာသွားမည်ကို စိုးရိမ်ပူပန်လျက်ရှိသည့်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု သတင်းရေးသားကြသည်။

(ကြေးမုံ)