ထိုင်းအချုပ်စခန်းက မြန်မာတရားခံ ထွက်ပြေးလွတ်မြောက်

ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလခရိုင် Bang Klam ရဲစခန်းကနေ လက်ထိပ်ပဲ အခတ်ခံထားရတဲ့ မြန်မာနိုင်ငံသား လူကုန်ကူးသူ တယောက် အချုပ်ထဲကနေ ဒီနေ့ ထွက်ပြေးသွားပါတယ်။

ရဲစခန်း ထောက်လှမ်းရေး ကင်မရာမှတ်တမ်းကို ပြန်ကြည့်တဲ့အခါ အသက် ၂၇ နှစ်ရွယ် ဇော်ဝင်းဆိုသူဟာ ည ၁၂ နာရီခွဲလောက်မှာ ရဲစခန်းကနေ အေးအေးဆေးဆေး လမ်းလျှောက် ထွက်သွားတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ အချုပ်ခန်းရှေ့မှာ ရဲတပ်ဖွဲ့ဝင်တဦး တယောက်မှ မရှိပါဘူး၊ သူ့ကို လက်ထိပ်ပဲခတ်ထားတဲ့အတွက် အချုပ်ခန်းကို ဖွင့်နိုင်တယ်လို့ ရဲက ပြောပါတယ်။ မနက်ကျရင် တရားရုံးမှာ ရမန်ယူရမယ့် တခြား အချုပ်သားတွေကို ရဲက စစ်ဆေးမေးမြန်းနေရလို့ ရဲတွေ အလုပ်များနေချိန်မှာ ထွက်ပြေးသွားတာပါ။

လူကုန်ကူးမှုနဲ့ တရားစွဲဖို့ ဘန်ကောက်ကနေ ရဲစခန်းကို ၁၆ ရက်နေ့ညမှာ ဇော်ဝင်းဆိုသူ ရောက်လာပါတယ်။
Bang Klam မြို့နယ်က တောအုပ်တခုထဲမှာ တရားမ၀င်ခိုးဝင်လာတဲ့ ရိုဟင်ဂျာနဲ့ မြန်မာ ၁၄ ယောက်ကို တွေ့ရပြီးတဲ့နောက် သူ့ကို ဘန်ကောက်မြို့မှာ ဒီလ ၁ ရက်က ဖမ်းဆီးမိပါတယ်။

သူဟာ ထိုင်းစကားတတ်ပြီး ခြေထော့ကျိုးနဲ့ လမ်းလျှောက်တယ်လို့ဆိုပါတယ်။

-Ref: RFA