ရုရှား၏ ထောက်လှမ်းရေးဆော့ဖ်ဝဲကို ဖျက်ဆီးနိုင်ခဲ့ဟု အမေရိကန် ပြောကြား

 

နေတိုး၏ မဟာမိတ်များအပါအဝင် နိုင်ငံပေါင်း ၅၀ ခန့်တွင် ထောက်လှမ်းမှုများ ပြုလုပ်ရန် ရုရှားထောက်လှမ်းရေးအဖွဲ့ FSB က နှစ်ပေါင်း ၂၀ ကြာ အသုံးပြုခဲ့သည့် ထောက်လှမ်းရေးဆော့ဖ်ဝဲကွန်ရက်ကို ဖျက်ဆီးနိုင်ခဲ့ဟု အမေရိကန်တရားရေးဝန်ကြီးဌာနက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
FSB သည် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာစနစ်များတွင် အဖျက်ဆော့ဖ်ဝဲများကို အောင်မြင်စွာထည့်သွင်းခဲ့ပြီး အစိုးရကွန်ရက်များ၊ သုတေသနအဆောက်အအုံများ၊ ဂျာနယ်လစ်များနှင့် အခြားပစ်မှတ်များကို အာရုံစိုက်ခဲ့သည်ဟု အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။
နှစ်ပေါင်းများစွာကြာပြုလုပ်ခဲ့သည့် ယင်းစစ်ဆင်ရေးတွင် အမေရိကန်ထောက်လှမ်းရေးအဖွဲ့ FBI သည် ၎င်း၏ ကိုယ်ပိုင်ကွန်ပျူတာကုဒ်ကို ထည့်သွင်းခြင်းဖြင့် ရုရှား၏ Snake အဖျက်ဆော့ဖ်ဝဲကို နှိမ်နင်းနိုင်ခဲ့သည်ဟု အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆင့်မြင့်နည်းပညာစစ်ဆင်ရေးတစ်ခုတွင် ရုရှား၏ အဖျက်ဆော့ဖ်ဝဲကို ၎င်းကိုယ် ကိုယ်ပြန်ပြီး တိုက်ဖျက်စေရန် ပြောင်းလဲနိုင်ခဲ့ပြီး အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့သည် ရုရှား၏ ခေတ်အမီဆုံး ဆိုက်ဘာတိုက်ခိုက်ရေးကိရိယာများကို နှိမ်နင်းနိုင်ခဲ့သည်ဟု အမေရိကန် လက်ထောက်အစိုးရရှေ့နေချုပ် လီဆာမိုနာကိုက ပြောကြားခဲ့သည်။
ယင်းအဖျက်ဆော့ဖ်ဝဲကို ပြီးခဲ့သည့် ဆယ်စုနှစ်တစ်စုထက်မနည်း ကွန်ပျူတာလုံခြုံရေးကျွမ်းကျင်သူများက သိရှိခဲ့ပြီး အမေရိကန် ဆိုက်ဘာကာကွယ်ရေးအေဂျင်စီ (CISA) ၏အဆိုအရ FSB သည် ယင်းဆော့ဖ်ဝဲကို ၂၀၀၃ ခုနှစ်က စတင်တီထွင်ခဲ့သည်ဟု သိရ သည်။
Snake ဆော့ဖ်ဝဲသည် FSB ၏ ခေတ်အမီဆုံးနှင့် အရှုတ်ထွေးဆုံး ဆိုက်ဘာကိရိယာတစ်ခုဖြစ်ပြီး ကွန်ပျူတာစနစ်များနှင့် ကွန်ရက်များတွင် ထောက်လှမ်းသိရှိနိုင်ရန် အလွန်ခက်ခဲကြောင်း CISA က ပြောကြားခဲ့သည်။
ယင်းအဖျက်ဆော့ဖ်ဝဲသည် အဆင့်မြှင့် တင်ရလွယ်ကူစေရန် ရေးဆွဲထားခြင်းဖြစ်သည်ဟုလည်း CISA က ပြောကြားခဲ့သည်။
ယင်းဆော့ဖ်ဝဲ၏ ရှုတ်ထွေးသည့် လုပ်ဆောင်နိုင်စွမ်းများကြောင့် FSB သည် နှစ်ပေါင်းများစွာကြာ ကွန်ပျူတာများထဲသို့ ဝင်ရောက်ပြီး ထိလွယ်ရှလွယ်ရှိသည့် အချက်အလက်များကို ရယူနိုင်စွမ်းရှိခဲ့သည်ဟုလည်း CISA က ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားသည် ယူကရိန်းအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများလည်း အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်နှင့် ပြင်သစ်ကျွမ်းကျင်သူများက မတ်လကုန်က ပြော ကြားခဲ့သည်။
ရုရှားသည် ပိုလန်၊ နော်ဒစ်နှင့် ဘော်လ်တစ်နိုင်ငံများကို သဘောထားကွဲလွဲစေရန်နှင့် စစ်ဆန့်ကျင်ရေး မက်ဆေ့ခ်ျများ မြှင့်တင်နေမှုကို ပစ်မှတ်ထားသည့် ဆိုက်ဘာလက်နက်များနှင့် တိုက်ခိုက်ခဲ့သည်ဟု ပြင်သစ်ကာကွယ်ရေးကုမ္ပဏီ Thales က မတ်လ ၂၉ ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
အမေရိကန်၏ Microsoft ကုမ္ပဏီကလည်း ရုရှားသည် ယခုနှစ် ပထမသီတင်း ခြောက်ပတ်အတွင်း ဥရောပနိုင်ငံ ၁၇ နိုင်ငံထက်မနည်းတွင် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ကို ယခုလအစောပိုင်းက ထုတ်ပြန်သည့် ခြိမ်းခြောက်မှုအကဲဖြတ်ချင့်တွက် စာတွင် ပြောကြားခဲ့သည်။
ဆိုက်ဘာစစ်ဆင်ရေးသည် အခြေအနေကို ပြောင်းလဲစေရန် မစွမ်းဆောင်နိုင်ခဲ့ဘဲ ရုရှား၏ မျှော်လင့်ချက်များကို ထိခိုက်စေခဲ့သည်ဟု Thales ကုမ္ပဏီ၏ ဆိုင်ဘာ ကာ ကွယ်ရေးဆိုင်ရာ နည်းပညာဒါရိုက်တာ အိုင်ဗန်ဖွန်တာရန်စီကီးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ပြီး ယူကရိန်း၏ ဆိုက်ဘာကာကွယ်ရေး၏ ခုခံနိုင်မှုအပေါ် အလေးထား ဖော်ပြခဲ့သည်။