ကင်ဂျုံးအန် ဗီယက်နမ်သွားမယ်

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်ရေးအတွက် ဗီယက်နမ်နိုင်ငံက စီစဉ်နေတယ်လို့ ရိုက်တာစ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။ အစိုးရအရာရှိတဦးနဲ့ သံတမန်တဦးရဲ့အဆိုအရ ဗီယက်နမ်ဟာ အမေရိကန်နဲ့ မြောက်ကိုးရီးယား ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံပြုလုပ်ပေးဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

ကင်ဂျုံအွန်းဟာ လာမယ့်ဖေဖော်ဝါရီလ ၄ ရက်ကနေ ၈ ရက်အတွင်းကျရောက်မယ့် တရုတ်နှစ်သစ်ကူး ပွဲတော်အပြီးမှာ ဗီယက်နမ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ သတင်းရစ်မြစ်တဦးက ပြောပါတယ်။ နောက်ထပ်တဦး ကလည်း အဲဒီသတင်းကိုအတည်ပြုပေမဲ့ ရက်အတိအကျတော့ မပြောပါဘူး။

ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာ အမေရိကန်နဲ့ရော မြောက်ကိုးရီးယားနဲ့ပါ ဆက်ဆံရေးကောင်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလက ရန်သူဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ ဆက်ဆံရေး တည်ငြိမ်စေဖို့ ဗီယက်နမ်က အဲဒီတွေ့ဆုံပွဲကို အိမ်ရှင်အဖြစ် ကျင်းပချင်တာဖြစ်တယ်လို့ သံတမန်နှစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့ ကင်ဂျုံအွန်းရဲ့ ဗီယက်နမ်ခရီးစဉ်ဟာ အမေရိကန်နဲ့ မြောက်ကိုးရီးယားခေါင်းဆောင်နှစ်ယောက်ရဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲနဲ့ ပတ်သက်သလားဆိုတာကိုတော့ အဲဒီသံတမန်တွေက အတည်မပြုပါဘူး။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်နဲ့ မြောက်ကိုးရီးယားခေါင်းဆောင်ကင်မ်ဂျုံအွန်းတို့ ဒုတိယအကြိမ်တွေ့ဆုံပြီး မြောက်ကိုးရီးယားရဲ့ နျူးကလီးယားဖျက်သိမ်းရေးကိစ္စ ဆွေးနွေးပွဲဖြစ်မြောက်ရေး အတွက် အမေရိကန်နဲ့ မြောက်ကိုးရီးယား အကြီးတန်းအရာရှိတွေရဲ့တွေ့ဆုံပွဲကို ဒီသီတင်းပတ်အတွင်း အမေရိကန်မှာပြုလုပ်မှာ ဖြစ်ပါတယ်။

-Ref: RFA