ဟွာဝေး သုံးစွဲမှု ဗြိတိန် ဝန်ကြီး သတိပေး

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Gavin Williamson ဂဲဗင် ဝီးလီယံဆင် က ဗြိတိန်နိုင်ငံရဲ့ 5G မိုဘိုင်း ဆက်သွယ်ရေး စနစ်ထူထောင်ရေးလုပ်ငန်းမှာ တရုတ်နိုင်ငံက Huawei ဟွာဝေး ကုမ္ပဏီ ပါဝင်လုပ် ကိုင်နေတာကို အလွန်အမင်း စိုးရိမ်ကြောင်း  ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

5G စနစ်မှာ ဟွာဝေး ကုမ္ပဏီပါဝင်နေတာကို ကျနော်တို့ သတိထားဖို့ လိုပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သြစတေးလျနိုင်ငံတွေဟာ သူတို့နိုင်ငံတွေရဲ့လုံခြုံရေးကို အဆင့်အမြင့်ဆုံးထားပြီး ဆောင်ရွက်နေပါတယ်လို့ ဗြိတိန်ဝန်ကြီးက ပြောပါတယ်။

ဝန်ကြီး ဝီးလီယံဆင်နည်းတူ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI 6 အကြီးအကဲ Alex Younger အဲလက် ယန်းဂါး ကလည်း ဟွာဝေးကုမ္ပဏီရဲ့ ပါတ်သက်မှုတွေကို အဖြေရှာဖို့လိုကြောင်း ဒီနှစ် စောစောပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။

အမေရိကန်ပြည်ထောင်စု၊ သြစတေးလျ၊ နယူးဇီလန် နဲ့ ဗြိတိန်အစိုးရဌာနတွေမှာ လုံခြုံရေးအတွက် ဟွာဝေး ကုမ္ပဏီထုတ် ဆက်သွယ်ရေး ပစ္စည်းတွေကို သုံးစွဲခြင်း မပြုဖို့ ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

ဟွာဝေးဆက်သွယ်ရေး ပစ္စည်းတွေကို တရုတ်အစိုးရက ထောက်လှမ်းရေးအတွက် အသုံးပြုနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေးဌာနတွေက သတိပေးထားပါတယ်။

-Ref: RFA