ဝင်ငွေနည်း မိသားစုများကို ငွေကြေးထောက်ပံ့မှု မလေးရှားအစိုးရ ပြန်လည်စတင်မည်

ဝင်ငွေနည်း မိသားစုများအား ငွေကြေး ထောက်ပံ့သည့် အစီအစဉ်ကို မလေးရှားအစိုးရက လာမည့်လတွင် ပြန်လည် စတင်မည်ဖြစ်ကာ စားဝတ်နေရေးကုန်ကျစရိတ် အကူအညီ (BSH) အစီအစဉ်အရ ဇန်နဝါရီ ၂၈ ရက် တွင် မိသားစု တစ်စုလျှင် မလေးရှားရင်းဂစ် ၃၀၀ (RM 300) စီ ထုတ်ပေးမည်ဟု ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ် အန်းက ပြောကြားသည်။

BSH ဘဏ္ဍာရေးအကူအညီ အစီအစဉ်သည် ယခင် နာဂျစ်ရာဇက်အစိုးရက စတင်ခဲ့သော 1Malaysia People Aid (BR1M) အစီအစဉ်ကို လျှော့ချထားသော အစီအစဉ်တစ်ရပ်ဖြစ်သည်။

BSH အစီအစဉ်အရ မိသားစုပေါင်း ၄ ဒသမ ၁ သန်း အကျိုးကျေးဇူးရမည်ဖြစ်ကာ အစိုးရအနေဖြင့် မလေးရှား ရင်းဂစ် ၁ ဒသမ ၂ ဘီလီယံ ကုန်ကျမည်ဟု လင်က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

‘‘ငွေပေးချေမှုကို သူတို့ရဲ့ ဘဏ်အကောင့်တွေထဲ တိုက်ရိုက်ထည့်ပေးပါမယ်’’ဟု ဝန်ကြီး က ပြောသည်။

အစီအစဉ်သစ်အရ တစ်လလျှင် မလေးရှားရင်းဂစ် ၂,၀၀၀ နှင့်အောက် ဝင်ငွေရှိသော မိသားစုများသည် လာမည့်နှစ်တွင် မလေးရှားရင်းဂစ် ၁,၀၀၀ ထောက်ပံ့ငွေရမည်ဖြစ်သည်။

မလေးရှားရင်းဂစ် ၂,၀၀၀ နှင့် ၃,၀၀၀ ကြား ဝင်ငွေရှိသော မိသားစုများက မလေးရှားရင်းဂစ် ၇၅၀ ရရှိမည်ဖြစ်ကာ ၃,၀၀၀ နှင့် ၄,၀၀၀ ကြား ဝင်ငွေရှိသော မိသားစုများက ရင်းဂစ် ၅၀၀ ရရှိ မည်ဖြစ်သည်။

ပထမဆုံး ပေးချေမှုများကို BR1M အစီအစဉ်စာရင်းတွင် ပါဝင်သူများအတိုင်း ပေးချေမည်ဖြစ်ကာ ဒုတိယနှင့် တတိယအကြိမ် ပေးချေမှုများ၌ အစီအစဉ်သစ်တွင် အကျုံးမဝင်သူများကို စိစစ်မည်ဟု ဝန်ကြီးက ပြောကြားသည်။

ဝန်ကြီးချုပ် မဟာသီယာက BR1M အစီအစဉ်ကို ယခင်က ဝေဖန်ခဲ့ပြီး နာဂျစ်အစိုးရက ၎င်းတို့ အလုပ် မလုပ်လျှင်ပင် ကူညီမည်ဟု တွေးထင်စေကာ ပြည်သူလူထုကို ဖျက်ဆီးခဲ့သည်ဟု ပြောကြားသည်။

—Ref: CNA/Bernama