စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံး အိန္ဒိယလွှတ်တင်

နယူးဒေလီ ဒီဇင်ဘာ ၂၀

အိန္ဒိယနိုင်ငံသည် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံးကို ဒီဇင်ဘာ ၁၉ ရက်က လွှတ်တင်ခဲ့ကြောင်း၊ ယင်းဂြိုဟ်တု လွှတ်တင်မှုမှာ နိုင်ငံ၏လေကြောင်းကာကွယ်ရေးစနစ်အား အဆင့်မြှင့်တင်ရန် ဦးတည်ကြိုးပမ်းသည့် ဆောင်ရွက်မှု ဖြစ်ကြောင်း အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြသည်။

အဆိုပါဂြိုဟ်တုကို အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒေ့ရှ် ပြည်ရှိ ဆရီဟာရီကိုတာအာကာသ ယာဉ်လွှတ် တင်ရေးစခန်းမှ ဒုံးယာဉ် တစ်စင်းဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

မြေပြင်ရှိ ရေဒါစခန်းများနှင့် ယင်းဂြိုဟ်တုတို့ ဆက်သွယ်ရေးကွန်ရက်ချိတ်ဆက်မှုပြုလုပ်မည်ဟု ဒေသတွင်း သတင်းများ၌ ဖော်ပြသည်။

ယခုနှစ်အောက်တိုဘာလအတွင်းက အက်စ်-၄၀၀ အမျိုးအစား မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များကို ရုရှားနိုင်ငံမှ ဝယ်ယူရန် အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ သဘောတူညီခဲ့ကြသည်။ အိန္ဒိယနိုင်ငံမှ ယခုလွှတ်တင်ခဲ့ သော စစ်ဘက် ဆိုင်ရာ ဂြိုဟ်တုအား လေကြောင်းကာကွယ်ရေးစနစ် တွင် ဒုံးကျည်များ၊ ဂျက်တိုက် လေယာဉ်များနှင့်အတူ အသုံးပြုဖွယ်ရာ ရှိသည်။ မိမိတို့အဖွဲ့အစည်း အနေဖြင့် နိုင်ငံ၏လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း အိန္ဒိယအာကာသ ဆိုင်ရာသုတေသနအဖွဲ့(အိုင်အက်စ်အာရ်အို)ဥက္ကဋ္ဌ ကေဆီ ဗင်က ပြောကြားသည်။

အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တရုတ်နိုင်ငံ ဘက်ခြမ်းမှ တောင်ကုန်း တောင်တန်း ထူထပ်သည့် ဒေသတွင် တရုတ် နိုင်ငံဘက်မှ လမ်းများဖောက်လုပ်ရန် ကြိုးပမ်းစဉ်တွင် တရုတ်နှင့် အိန္ဒိယတပ်ဖွဲ့များအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ်နှင့် ဆက်နွှယ်သည့်လှုပ်ရှားမှုအဖြစ် တရုတ်စစ်ဘက်က အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စစ်ရေယာဉ်များ စေလွှတ်ခဲ့သည်။

တရုတ်နှင့် ပါကစ္စတန်တို့၏ လှုပ်ရှားလုပ်ဆောင်မှုများကို တုံ့ပြန်ရန် အိန္ဒိယနိုင်ငံက ၎င်း၏လေကြောင်း ကာကွယ်ရေးစနစ်များကို လုပ်ဆောင်နေကြောင်း လေ့လာသူများက ပြောကြားကြသည်။

အင်န်အိတ်ခ်ျကေ