အမေရိကန်တွင် နှင်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၆ဝဝ ကျော် ဖျက်သိမ်း

ခရစ်ယာန်ဘာသာဝင်တွေရဲ့ ကျေးဇူးတော်နေ့ပွဲတော် နောက်ဆုံးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ အမေရိကန်နိုင်ငံအတွင်း အားလပ်ရက် အပန်းဖြေသူ အများအပြား လေဆိပ်တွေမှာ သောင်တင်နေပါတယ်။

အမေရိကန် အနောက်အလယ်ပိုင်း တလွှားမှာ နှင်းမုန်တိုင်း တိုက်ခတ်နေလို့ လေကြောင်းခရီးစဉ် ၆၀၀ ကျော် ဖျက်သိမ်းခဲ့ရတယ်လို့ မိုးလေဝသအရာရှိတွေက ပြောခဲ့တာပါ။

နိုင်ငံအရှေ့မြောက်ပိုင်း ကန်းဆတ်ပြည်နယ်ကနေ ချီကာဂိုအထိ ဒေသတွေမှာ နှင်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ကန်းဆတ်၊ မစ်ဆူရီ အလယ်ပိုင်း၊ နီဘရာစကာ အရှေ့တောင်ပိုင်းနဲ့ အိုင်အိုဝါ တောင်ပိုင်းဒေသတွေ အပါအဝင် တချို့ဒေသတွေမှာ နှင်းတွေ ကျခဲ့တယ်လို့ အမျိုးသား မိုးလေဝသ ဌာနက ဆိုပါတယ်။

မုန်တိုင်းကြောင့် လေတိုက်နှုန်းဟာ တနာရီ မိုင် ၅ဝ အထိ မြင့်တက်ခဲ့တာပါ။ ဒေသတလွှား နှင်းထုက ၆ လက်မကနေ ၁၂ လက်အထိ ကျမယ်လို့ မျှော်လင့်ထားပါတယ်။

ချီကာဂိုနဲ့ ကန်းဆတ်ဒေသတွေမှာ နှင်းမုန်တိုင်းဒဏ်က တနင်္ဂနွေနှောင်းပိုင်းမှာ ပိုမြင့်ဖို့ ရှိတယ်လို့ မိုးလေဝသဌာန က ပြောပါတယ်။

ဒီမုန်တိုင်းတွေကြောင့် ချီကာဂိုနဲ့ ကန်းဆတ်နိုင်ငံတကာ လေဆိပ်တွေက လေကြောင်းခရီးစဉ် ၆၁၃ ခုကို ဖျက်သိမ်းခဲ့ရတယ်လို့ FlightAware.com အင်တာနက် စာမျက်နှာက ဖော်ပြထားပါတယ်။

DVB