ဆီးခွက်တွေမှာ ရုပ်သံမျက်နှာပြင်တပ်ဆင်မယ့် ရီးရဲလ်

ဒုတိယပိုင်း ပြန်စပြီး တစ်မိနစ်မပြည့်ခင် ကိုယ့်အသင်း ဂိုးသွင်းလိုက်ချိန်မှာ ကိုယ်က အပေါ့သွားနေတုန်းမို့လို့ မကြည့်လိုက်ရတာမျိုး ကြုံရရင် ပရိသတ်တွေ စိတ်ပျက်ကြမှာပါ။ ကိုယ်မကြည့်လိုက် ရတဲ့ဂိုးက ရာသီတစ်လျှောက် အကောင်းဆုံးဂိုးဖြစ်နေရင်တော့ ပိုစိတ်ပျက်ရမှာပါ။ ရီးရဲလ်အသင်းကတော့ သူတို့အသင်းကို အားပေးတဲ့ ပရိသတ်တွေ ဒီလို စိတ်ပျက်စရာမျိုး မကြုံစေဖို့ ဆီးခွက်တွေမှာ ရုပ်သံမျက်နှာပြင် တပ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီလိုတပ်ဆင်လိုက်ရင် အပေါ့သွားနေတုန်း ဂိုးသွင်းလိုက်လို့ မကြည့်ရတာမျိုး ကြုံရတော့မှာမဟုတ်ပါဘူး။ ဆီးခွက်တွေမှာ ရုပ်သံမျက်နှာပြင်တပ်ဆင်တာ ရီးရဲလ်က ပထမဆုံးအသင်းမဟုတ်ပါဘူး။ လာလီဂါကလပ် လီဂါနက်စ်ဟာ သူတို့ရဲ့ အိမ်ကွင်းမှာ ရုပ်သံမျက်နှာပြင်ပါတဲ့ ဆီးခွက်တွေ တပ်ဆင်ထားပြီးသားဖြစ်ပါတယ်။ ရီးရဲလ်ဟာ သူတို့ရဲ့ ဘာနေဗျူးကွင်းကို ပေါင်သန်း ၅၀၀ အကုန်အကျခံပြီး မွမ်းမံပြင်ဆင်မှုလုပ်ဖို့ စီစဉ်နေပြီး အဲဒီအစီအစဉ်ထဲမှာ ပတ်ပတ်လည်မြင်ရနိုင်တဲ့ ရုပ်သံမျက်နှာပြင်တပ်ဆင်ရေးနဲ့ တာဝါအသစ်နှစ်ခု တည်ဆောက်ရေး လုပ်ငန်းတွေ ပါဝင်နေပါတယ်။

-Ref: Skysports