အင်ဒိုတွင် ခရီးသည်တင် လေယာဉ်တစ်စီး ပင်လယ်ထဲပျက်ကျ

အင်ဒိုနီးရှား နိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စီး ပင်လယ်ထဲ ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက အတည်ပြု ကြေညာခဲ့သည်။

Lion Air လေကြောင်းလိုင်း၏ Boeing 737 အမျိုးအစား လေယာဉ်သည် အောက်တိုဘာ ၂၉ ရက်က ဂျကာတာမြို့တော်မှ ပျံတက်ပြီး မကြာမီ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ လူပေါင်း ၁၈၈ ဦး စီးနင်း လိုက်ပါသွားသည့် လေယာဉ်သည် ပင်လယ်ထဲ ပျက်ကျ သွားခြင်းဟု တာဝန်ရှိသူများက ဝန်ခံခဲ့သည်။

ခရီးစဉ်အမှတ် JT-610 လေယာဉ်သည် ပန်ကဲလ်ပီနန်သို့ ဦးတင် ပျံသန်းရင်း ဖြစ်ရပ်ဆိုး ကြုံခဲ့ခြင်း ဖြစ်သည်။ လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် လမ်းကြောင်းအရ လေယာဉ်သည် ပျက်ကျချိန်တွင် ပင်လယ်ပြင်ပေါ် ဖြတ်ပျံနေပြီဟု အတည်ပြုနိုင်ခဲ့သည်။

လေကြောင်းလိုင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ JT-610 အတွက် ပျံသန်းနေသည့် ခရီးသည်တင် လေယာဉ်မှာ Boeing 737 MAX 8 အမျိုးအစားဖြစ်ပြီး အသစ်ကျပ်ချွတ်နီးပါး လေယာဉ် တစ်စီးဟု သိရသည်။ လေယာဉ် ပျက်ကျမှုအတွင်း အသက်ရှင် ကျန်ရစ်သူ ရှိမရှိကို အတည်မပြုနိုင်သေးချေ။

သတင်းစာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူများက လေယာဉ်စီး ခရီးသည်များအဖြစ် အရွယ်ရောက်ပြီးသူ ၁၇၈ ဦး၊ ကလေး ၂ ဦးနှင့် မွေးကင်းစအရွယ် ၁ ဦး ပါသွားကြောင်း ပြောကြားသွားသည်။ ထို့အပြင် လေယာဉ်မှူး နှစ်ဦးနှင့် အမှုထမ်း ၅ ဦးတို့လည်း လိုက်ပါသွားခဲ့ကြသည်။

သတင်းဆိုးကို ကြားသိရပြီးနောက် လေယာဉ်ပေါ် ပါသွားသူများ၏ မိသားစုဝင်များမှာ ပူဆွေးသောက ကြီးမားစွာဖြင့် ငိုကြွေးခဲ့ကြသည်။ အင်ဒိုနီးရှား ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ ဆူတိုပို ပါဝို နူဂရိုဟိုက လေယာဉ်ပျက် အစိတ်အပိုင်း အချို့၏ ဓာတ်ပုံများကို Twitterပေါ်တွင် ပြသထားခဲ့သည်။ 

ယခုပျက်ကျသည့် လေယာဉ်သည် Lion Air လေကြောင်းလိုင်းထံသို့ ဩဂုတ်လကမှ ရောက်ရှိလာခြင်းဟု ဆိုသည်။ Lion Airသည် အင်ဒိုနီးရှား၏ ဘတ်ဂျတ် လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး ၂၀၁၃ ကလည်း Lion Air လေယာဉ်တစ်စီးမှာ ဘာလီ လေဆိပ်သို့ ဆင်းသက်ရင်း လမ်းကြောင်းချော်၍ ပင်လယ်ထဲ ကျသွားခဲ့ဖူးသည်။ အဆိုပါ ဖြစ်စဉ်တွင်မူ အသေအပျောက် မရှိဘဲ စီးနင်းလိုက်ပါလာသူ ၁၀၈ ဦးစလုံး အသက်ရှင်ခဲ့သည်။ ၂၀၀၄ ခုနှစ်ကမူ Lion Air လေယာဉ်တစ်စီး ဆိုလိုစီးတီးသို့ အဆင်းတွင် ပျက်ကျရာ ၂၅ ဦး သေဆုံးခဲ့သည်။

အင်ဒိုနီးရှားသည် ကြီးမားကျယ်ဝန်းသည့် ကျွန်းစုနိုင်ငံ တစ်ခုဖြစ်ပြီး ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍတွင် ရေလမ်းနှင့် လေကြောင်းလမ်းတို့ကို အလွန်အမင်း မှီခိုနေရသည်။ သို့သော် နိုင်ငံ၏ လေကြောင်းလိုင်း အများစုသည် လုံခြုံရေး စံနှုန်း အားနည်းသည့် မှတ်တမ်းဆိုးမျိုး ရှိနေကြောင်း သိရသည်။

Ref: Reuters