၂၀၁၉ တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်အစီအစဉ်အတိုင်း ရှေ့ဆက်မည်ဟု ထိုင်းဒုဝန်ကြီးချုပ်ပြော

ရွေးကောက်ပွဲ နောက်ဆုတ်နိုင်သည် ဆိုသော အစိုးရကို ဝေဖန်သူများနှင့် အတိုက်အခံတို့၏ စိုးရိမ်မှုများရှိနေ စဉ် ၂၀၁၉ အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပရန်စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲ နှောင့်နှေးမှုရှိမည် မဟုတ်ကြောင်း ဒုတိယဝန်ကြီးချုပ်က အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

၂၀၁၄ အာဏာသိမ်းမှုပြီး နောက် အာဏာရလာသော စစ်အစိုးရက ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာနှင့် လွှတ်တော်ဆိုင်ရာ ဆောင်ရွက်ချက်များ လိုအပ်သည်ဆိုသော အကြောင်းပြချက်များဖြင့် အကြိမ်ကြိမ်ကြန့်ကြာခဲ့ပြီးနောက် ရွေးကောက်ပွဲတစ်ရပ်ကို လာမည့်နှစ် ဖေဖော်ဝါရီနှင့် မေလကြား ကျင်းပမည်ဟု ကတိပြုထားသည်။

‘‘ရွေးကောက်ပွဲ နှောင့်နှေးမလားလို့ မေးရင် အင်း… အဲဒါ ဟာ အစိုးရမဟုတ်ဘူး။ ဒီဟာကို ပြောဆိုနေတဲ့ တခြားလူတွေပဲ ဖြစ်တယ်။ ကျွန်တော်တို့ ဖေဖော် ဝါရီ ၂၄ ရက်ကို ကြည့်နေတုန်း ပဲ’’ဟု ဒုဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝန်က သတင်းထောက်များ အား ပြောကြားသည်။

အတိုက်အခံပါတီများအပါအဝင် စစ်အစိုးရကို ဝေဖန်သူများက စစ်အစိုးရသည် ၎င်းတို့၏ အာဏာအခြေခံ အားပိုကောင်း လာစေရန်နှင့် အထွေထွေရွေး ကောက်ပွဲတစ်ရပ်ထက် ကျော်လွန်ပြီး နိုင်ငံရေးတွင် ၎င်းတို့ ဩဇာလွှမ်းမိုးမှု သေချာစေရန် ယင်းရွေးကောက်ပွဲကို တမင်တကာ နှောင့်နှေးအောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။

 စစ်ဘက်အကြီးအကဲဘဝ က အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာ (၆၄)နှစ်က လေးနှစ်ကျော်ကြာ စစ်အုပ်ချုပ်ရေး အဆုံးသတ်ကာ အရပ်သားအစိုးရတစ်ရပ် ဆောင်ကြဉ်းပေးမည့် ယင်းရွေးကောက်ပွဲပြီးနောက် ၎င်းကိုယ်တိုင် အစိုးရ နေရာတစ်ခု ယူဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားထားသည်။

—Ref: Reuters